သံစဉ်များနဲ့ အားခါကြီး(၂)
+++++++++++++
အင်းတိုင်ဆေးရုံမှာ ၅ ရက်လောက်နေပြီး ကိုရွှေဌက်ဖျားတိုက်ပွဲခဏနားနေတုံး ကျနော်တို့သူငယ်ချင်းနှစ်ယောက်
ဆေးရုံကပြန်ဆင်းလာခဲ့ကြပါတယ်၊ မဆင်းလို့လည်းမဖြစ်တော့ပါဘူး၊ တပ်စုမှုးသင်တန်းတက်ဖို့က တပတ်ဘဲလိုတော့တယ်လေ၊ သည်လိုနဲ့ ခပ်ယဲ့ယဲ့ခန္ဒာကိုယ်ကို အနိုင်နိုင်သယ်ပိုးလို့ ကာဘိုင်တလက်၊ ပစ္စတိုတလက် ၊ ခဲယမ်းနဲနဲ ၊ အ၀တ်အစားနဲနဲကို သံသေတတ္တာတလုံးထဲ စုပြုံထဲ့လို့ ဗထူးတပ်မြို့စီကို ကျနော်နဲ့မြစိုး တပတ်စဉ်ထဲက ဌက်ကိုက်ကိုကိုနှစ်ယောက် ကြွခဲ့ရပါတော့တယ်၊
၃၀၊၆၊၁၉၈၆ မှာ ကျနော်တို့ အလုပ်သင်ဗိုလ်တွေအတွက် သီးသန့်အပတ်စဉ်ဖြစ်တဲ့ ခြေလျှင်တပ်စုမှုးသင်တန်း အမှတ်စဉ် (၈၅) ဖွင့်ပါတယ်၊ တောင်ဥက္ကလာသား ၀င်းဇော်မိုး၊ ပဲခူးသား အေးချို၊ ပုသိမ်သား တင်ကိုသီ တို့ကတော့ မလာနိုင်တော့ ပါဘူး ။ အလုပ်သင်ဗိုလ်ဘ၀မှာဘဲ ကြွေလွင့်ခဲ့ပါပြီ၊ အေးချိုဆို ကျနော်အတော်ခံစားရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ပဲခူးတပ်မှာ အလုပ်သင်ဗိုလ်ဖြစ်ရတဲ့ ကျနော်ကို့ အေးချိုအမေကြီးက သားတယောက်လို ဂရုစိုက်ခဲ့လွန်းလို့ပါဘဲ၊ ကျနော့ရဲ့ စားအိမ် သောက်အိမ် ။ဒုတိယ မိဘအိမ်လို့တောင်ဆိုရအောင် ဂရုစိုက်ခဲ့ပါတယ်၊ သားတို့တပ်စုမှုးသင်တန်း အတူတက်ရမှာနော် အေးချိုကို ထိန်းပေးနော် သည်ကောင်က စိတ်ဆတ်တယ်၊ အရမ်း ဂမှုးရှုးထိုး လုပ်တတ်တယ်၊ ဆိုတဲ့ အေးချိုအမေကြီးစကားသံကို အခုထိ နားထဲကမထွက်ခဲ့ပါဘုး၊
တိုက်ပွဲကျ ဖခင်ရဲ့သား တိုက်ပွဲကျတဲ့ သတင်းကို အမေအို ဘယ်လိုရင်ဆိုင်မလည်း မသိပေမဲ့ သည်သတင်းကို ကျနော်ကတော့ ရှေ့တန်းမှာဘဲ ကြားသိရင်နာခဲ့ရပါတယ်၊ ပဲခူးကို ပြန်ရောက်တာနဲ့ ဌက်ဖျားဖျားတာရော အေးချိုအမေရဲ့ မျက်ရည်တွေကို ရင်မဆိုင်ရဲတာကြောင့်ရော ကျနော်အေးချိုအိမ်ကို မသွားဖြစ်ခဲ့ပါဘူး၊
သည်လိုနဲ့ ဗထူးသင်တန်း စလို့ မကြာသေးခင်မှာဘဲ ကျနော့်စီက ကရင်ပြည်နယ်ဌက်ကြီးက ပြန်ထလာပါ တော့တယ်၊ ဒါနဲ့ဘယ်လိုမှမနေနိုင်တော့ဘဲ ကျောင်းဆေးခန်းကနေတဆင့် ဗထူးတပ်နယ် စစ်ဆေးရုံကို ရောက်သွားပါတော့တယ်၊ ဗထူး စစ်ဆေးရုံက သေးသေးလေးပါ၊ လူနာ ကတော့အပြည့်ပါဘဲ ၊ ဒါပေမဲ့ သန့်ရှင်းသပ်ယပ်တယ်၊ ဆရာဝန် ဆရာမ သူနာပြုတွေကအစ အတော်ဂရုစိုက်ကြပါတယ်၊
သည်လိုနဲ့ ဗထူးသင်တန်း စလို့ မကြာသေးခင်မှာဘဲ ကျနော့်စီက ကရင်ပြည်နယ်ဌက်ကြီးက ပြန်ထလာပါ တော့တယ်၊ ဒါနဲ့ဘယ်လိုမှမနေနိုင်တော့ဘဲ ကျောင်းဆေးခန်းကနေတဆင့် ဗထူးတပ်နယ် စစ်ဆေးရုံကို ရောက်သွားပါတော့တယ်၊ ဗထူး စစ်ဆေးရုံက သေးသေးလေးပါ၊ လူနာ ကတော့အပြည့်ပါဘဲ ၊ ဒါပေမဲ့ သန့်ရှင်းသပ်ယပ်တယ်၊ ဆရာဝန် ဆရာမ သူနာပြုတွေကအစ အတော်ဂရုစိုက်ကြပါတယ်၊
၅ ရက် လောက်မှာတော့ ကျနော် နဲနဲထူထူထောင်ထောင်ရှိလာပါပြီ၊ အဖျားကတော့ မပျောက်သေးပါဘူး ၊ သူ့အချိန်တန်ရင် ထလာ၊ကြွလာ ၊ တုန်ဆင်းလာဆဲပါ၊ ၆ ရက်မြောက်နေ့မှာတော့ ကျနော် အတော်စိုးရိမ်လာပါပြီ၊ မနက် အခန်းတွေ လှည့်ကြည့်တဲ့ ဆရာဝန်ဗိုလ်ကြီးကို သတင်းပို့မိပါတယ်၊ ဗိုလ်ကြီး ကျနော်ဆေးရုံဆင်းခြင်တယ်ပေါ့၊ ဒါပေမဲ့ အဲသည်ဗိုလ်ကြီးက ဗိုလ်လေး ခင်ဗျားနေမကောင်းသေးဘူး ဆင်းလို့မရသေးဘူးတဲ့၊ မဆင်းရင် မနက်ဖြန်ကျနော် RTU (Retrun to unit) သင်တန်းကကျပြီး တပ်ပြန်ရတော့မယ်လို့ ဆိုတော့ ဆရာဝန်ဗိုလ်ကြီးက ခေါင်းကုတ်ပါတယ်၊ ကျနော်လည်း သိပါတယ်၊ ဒါပေမဲ့ တပ်မှုး က သူ့ဆေးရုံက ဆင်းရင် ကောင်းမှ ဒေါင်ဒေါင်မြည်မှ ပေးဆင်းတာ၊ အခုလည်း ခင်ဗျားတို့ လူနာတွေကို ဘယ်ဆေးရုံနဲ့မှ မတူအောင် ကျွေးမွေးပြုစုတာ တွေ့တယ်မဟုတ်လား၊ ပျောက်မှ ဆင်းပါဗျာ၊ ဆိုပြီး စကားစကို ဖြတ်ပြီး ထွက်သွားပါတော့တယ်၊
ဟုတ်တယ်။ ဗထူးစစ်ဆေးရုံတပ်မှုးက ကုသတဲ့နေရာ စေတနာထားတဲ့နေရာမှာ လူနာတိုင်းက ပြောကြပါတယ်၊ ဆေးရုံရိက္ခာ နွားနို့ ဆိုလည်း ပျစ်နှစ်နေပြီး ကြက်ဥ ၊ ပေါင်မုန့်ဆိုတာတွေကလည်း မပြတ်စေရပါဘူး၊ နံမည်တော့ ကျနော် သိပ်မမှတ်မိတော့ပါဘူး၊ ဗိုလ်မှုးအောင်နိုင် ထင်ပါတယ်၊ ပိန်ပိန်ပါးပါးပါဘဲ၊ ကျနော်တို့တပ်မ ၄၄ မှာလည်း ဗျူဟာဆေးမှုး လုပ်သွားဘူးတယ်လို့ သိရပါတယ်၊ မဆင်းရင်မဖြစ်တော့တဲ့ ကျနော်ကလည်း တပ်မှုး ကို
အပူကပ်ဖို့ တပ်မှုးအလာကို ဆေးရုံရှေ့က ယောင်လည်လည် စောင့်နေမိပါတယ်၊
အပူကပ်ဖို့ တပ်မှုးအလာကို ဆေးရုံရှေ့က ယောင်လည်လည် စောင့်နေမိပါတယ်၊
နေ့လည် ၁ နာရီလောက်မှာတော့ တပ်မှုးရဲ့ ဂျစ်ကားလေး ဆေးရုံထဲက ပြန်ဝင်လာပါတယ်၊ သူ့အိပ်လေးသူဆွဲလို့ ဒုတိယထပ်က သူ့ရုံးခန်းထဲဝင်သွားပါတယ်၊ နောက်က လိုက်လာတဲ့ ကျနော်လည်း သူရုံးခန်းထဲဝင်ပြီး ထိုင်လောက်တဲ့ အချိန် (၁၀) မိနစ်လောက် စောင့်ပြီးတော့ ရုံးခန်းဝ ခန်းဆီးအစိမ်းလေးနောက်ကနေ ၀င်ခွင့်ပြုပါတပ်မှုး လို့ သတိဆွဲ သတင်းပို့လိုက်ပါတယ်၊ တပ်မှုးရဲ့ လာလာ ဆိုတဲ့အသံနဲ့အတူ ကျနော် အထဲဝင်လိုက်ပါတယ်၊ အထဲရောက်တာနဲ့ မျက်လုံးပြူးကြည့်နေတဲ့ ဆေးတပ်မှုးကို လိုရင်းဘဲ သတင်းပို့လိုက်ပါတယ်၊ ကျနော်ဆေးရုံဆင်းခြင်လို့ သတင်းပို့ပါတယ်ပေါ့၊ တပ်မှုးကလည်း ကျနော့်ကို ကောင်းကောင်းသိပါတယ်၊ အဲသည်ဆေးရုံမှာ အဲဒီအချိန် လူနာထဲမှာ ရာထူးအကြီးဆုံးက ကျနော်ပါဘဲ၊ နောက် တပ်မ ၄၄ တံဆိပ်နဲ့ဆိုတော့ ပိုပြီး မှတ်မိတာလည်း ပါမှာပေါ့၊
ဒါပေမဲ့ ဆေးတပ်မှုးက မတုန့်မဆိုင်းဘဲ ချက်ခြင်း အဖြေပေးပါတယ်၊ မရဘူးဗိုလ်လေး - ဗိုလ်လေး နေမကောင်းသေးဘူး … တဲ့။ ကျနော်ကလည်း မလျှော့ပါဘူး၊ ကျနော် အရှင်းမပျောက်သေးတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ကျနော်သင်ခန်းစာ လိုက်နိုင်ပါပြီ၊ ဒါကြောင့် ဆင်းခွင့်ပေးပါ-တပ်မှုးက ခေါင်းယမ်းပြီး ကျနော့ဆေးရုံက ဆင်းသွားတဲ့ လူနာမှန်သမျှ မီခြစ်ဆံလေးတွေလိုဘဲ တချက်ခြစ်တချက်တောက်မှ ပေးဆင်းတာ အမြစ်မပြတ်ဘဲ ကျနော်ပေးမဆင်းဘူး၊ ကျနော်ကလည်း သည်နေ့မှ မဆင်းရင် တပ်ပြန်ရတော့မယ်၊ ဟိုရောက်ရင် သည်ကရင်ပြည်နယ်ဘဲ စစ်ဆင်ရေးပြန်ထွက်ရမယ်၊ သည်ဌက်ဖျားနဲ့ပြန်တွေ့မယ်။ စစ်တိုက်လို့သေရတာ ကျနော်မကြောက်ဘူး၊ ဌက်ဖျားနဲ့သေမှာ၊ အရာရှိမဖြစ်ခင်သေမှာတော့ ကြောက်တယ်၊ တပ်မှုးလည်း ကရင်ပြည်နယ်နေခဲ့ရတာပါဘဲ၊ ဒါကြောင့် တပ်မှုးကို ကျနော်တောင်းပန်ပါတယ် ဆေးရုံဆင်းခွင့်ပေးပါလို့ ထပ်ပြောမိပါတယ်၊
သည်လိုနဲ့ နောက်ဆုံးကျနော်ကဘဲ အငိုအပြောကောင်းလို့လားတော့ မသိဘူး ၊တပ်မှုးစီက တထစ်လျှော့ လာပါတယ်၊ ခင်ဗျား အောက်မှာ ကျနော်လွှတ်တယ်ဆိုပြီး သွေးစစ်ခန်းမှာ သွေးပြန်စစ်ကြည့် သွေးထဲမှာ ဌက်ဖျားပိုးရှိနေသေးရင် မဆင်းရဘူး၊ မရှိရင် ဆင်းရမယ်သွားစစ် ဆိုပြီး လွှတ်လိုက်ပါတယ်၊ အောက်က သွေးဓါတ်ခွဲခန်း တပ်ကြပ်ကြီးကို သတင်းပို့တော့ သူကရီကျဲကျဲနဲ့ဘဲ သွေးစစ်ပေးပါတယ်၊ ကျနော့်ရင်ထဲ တဒိတ်ဒိတ်နဲ့ပေါ့၊ စစ်ပြီး အဖြေလွှာပေါ်ရေးနေတဲ့ ဆရာကြီးကိုကြည့်ပြီး ကျနော်မေးမိပါတယ်၊ ဆရာကြီးကျနော့မှာ့ ပိုးရှိသေးလားဆိုတော့ ရှိတာပေါ့တဲ့၊ သေပြီဆရာ၊ ဆရာကြီး သေခြာရဲ့လားဆိုတော့ သေခြာတာပေါ့တဲ့။ ကျနော် အတော်စိတ်ဓါတ်ကျသွားပါတယ်၊ စိတ်ထဲမှာလည်း ငိုခြင်သလိုလိုပါ၊ သွားပြီ သူငယ်ချင်းတွေနဲ့ အတူ ကျောင်းမဆင်းရတော့ဘူးဆိုပြီးတော့ ၀မ်းနည်းမိတာပါ၊
သွေးဆရာကြီးက ကျနော့ပုခုံးဖက်ပြီး ပြောပါတယ်၊ ဗိုလ်လေးစိတ်ဓါတ်မကျနဲ့ တပ်မှုးက သိပြီးသား မနက်ကထည်းက ကျနော်တို့ လူနာတွေရဲ့ သွေးစစ်ဆေးချက်တွေကို တင်ပြထားပြီးသား၊ ဗိုလ်လေးစီက ဌက်ဖျားပိုးကလည်း သည်နာရီပိုင်းနဲ့ မပျောက်နိုင်ဘူးဆိုတာ သိပြီးသား သူကဆရာဝန်လေ၊ အခုက ဗိုလ်လေးကို ဆေးရုံဆင်းပေးမလို့ နောက်ဆုံးအခြေအနေကို စစ်ခိုင်းတာ ၊ အခြေအနေကောင်းပါတယ် သွားသာသွားပါတဲ့၊
တပ်မှုးရုံးခန်းရောက်တော့ တပ်မှုးက ပြုံးကြည့်နေပါတယ်၊ ကျနော်ကမ်းပေးတဲ့ စာရွက်ကိုဖတ်ကြည့်ပြီး အသင့်ရေးထားပုံရတဲ့ ဆေးရုံဆင်းခွင့်အမိန့်စာကို ထုတ်ပေးပါတယ်၊ ပါးစပ်ကလည်း အရှင်းမပျောက်သေးဘူး၊ ကျန်းမာရေးကိုဂရုစိုက်၊အစားအသောက်အနေအထိုင် ဂရုစိုက်၊ ဆေးနား (၃) ရက်ပေးလိုက်တယ်၊ ဆေးတွေလည်း မှန်မှန်သောက်၊ ဖျားတာနဲ့ ပြန်လာပြကြားလား လို့မှာပါတယ်၊ ကျနော်လည်း ၀မ်းသာလွန်းလို့ ကျေးဇူးတွေ အထပ်ထပ်တင်ပြီး တပ်မှုးကို ထိုင်တောင်ကန်တော့ခဲ့ပါတယ်၊ တကယ်တော့ ထိုင်ကိုကန်တော့သင့်တဲ့ သမားပီသတဲ့ လူတယောက်ပါ၊ နောက်လာမဲ့ အပိုင်းတွေမှာလည်း သူဘယ်လောက် စေတနာထားတယ်ဆိုတာ ဆက်ရေးပြပါဦးမယ်၊
ဗထူးတပ်နယ် ဆေးရုံကို ကျနော်ရောက်ရောက်ခြင်း ဈေးဦးဖေါက်ပြီတဲ့အခါမှာတော့ နောက်ကနေ တပ်မ ၄၄ ၊ တပ်မ ၆၆ ကလာတဲ့ ဗိုလ်ကလေးတွေ ဌက်ခြင်းပြိုင် အတက်ခြင်းပြိုင်လို့ ဆေးရုံပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင် ရောက်သွား ပါတော့တယ်၊ ကျနော့လိုဘဲ (၆) ရက်ထက် ကျော်မတက်နိုင်တဲ့ ဗိုလ်ကလေးတွေရဲ့ ငိုသံဥာဉ်းသံ တညံညံကိုလည်း တပ်မှုးခင်မျာ နားကွဲမတတ် ခံလာရတယ်နဲ့တူပါရဲ့၊ဒုတိယမ္မိ ကျနော် ဆေးရုံပေါ်ရောက်တဲ့ အခါမှာတော့ ဆေးတပ်မှုးက ဆေးရုံမတက်စေတော့ပါဘူး၊ ကျနော့ကို လိုအပ်တဲ့ကုသတာတွေ လုပ်ပေးပြီး သင်တန်းကို ပြန်ပို့လိုက်ပါတယ်၊ မနက်ဖြန် ခင်ဗျားတို့စီ ကျနော်လာခဲ့မယ်ဆိုပါတယ်၊
နောက်နေ့ကျတော့ ဆေးတပ်မှုးနဲ့ စစ်ဆေးရုံက တပြုံကြီး ကျနော်တို့သင်တန်းကို ရောက်လာပါတယ်၊ သင်တန်းသားတွေအားလုံးကို သွေးစစ်ပါတယ်၊ ဌက်ဖျားသမားတွေ ရွေးထုတ်ပါတယ်၊ စုစုပေါင်း ၃၅ ယောက်လောက် ရှိမယ်ထင်ပါတယ်၊ အဲသည်လူတွေကို စုပြီး တပ်မှုးကပြောပါတယ်၊ “ခင်ဗျားတို့ အပတ်စဉ်မှာ ဌက်ဖျားသမား သိပ်များတယ်၊ ဌက်ကလည်း အပြင်းစားဌက်ဖြစ်တယ်၊ ဆေးရုံပေါ်တင်ကုရင်လည်း ခင်ဗျားတို့ဌက်က ချက်ခြင်း ထွက်မသွားနိုင်ဘူး၊ ဆက်ထားပြန်ရင်လည်း ခင်ဗျားတို့အများစု RTUဖြစ်မယ်၊ ဒါကြောင့် ခင်ဗျားတို့ကျောင်းအုပ်ကြီးကို တင်ပြပြီးသင်တန်းမှုးနဲ့ တိုင်ပင်ပြီး ခင်ဗျားတို့ကို သင်တန်းမှာဘဲ ဆေးရုံတင်မယ်၊ ခင်ဗျားတို့ ကျောင်းမှာဘဲကုမယ်၊ စနေတနင်္ဂနွေကျရင် ကျနော့ ဆေးရုံအတက်ပြပြီး ဆေးရုံရိက္ခာ၊ ဆေးဝါး တရားဝင်ထုတ်ပေးမယ်၊ ခင်ဗျားတို့ကလည်း ကျနော့စေတနာကို အသိအမှတ်ပြုရင် သင်တန်းမှာနေပေမဲ့ ဆေးရုံစည်းကမ်းအတိုင်း လိုက်နာပါ ၊ ဆေးမှန်မှန်သောက်ပါ၊ အရက် လုံးဝမသောက်ပါနဲ့” စတဲ့ လိုက်နာဖွယ်တွေ ပြောပြီးတဲ့အခါမှာ သင်တန်းက ဘားတိုက်တခုကို အားလုံးရှင်းလင်းပြီး ကျနော်တို့ ဌက်သမားတွေကို နေရာချပေးပါတယ်၊
သည်မှာတော့ သက်တန်းရင့် ဌက်သမားကြီး ကျနော် ကုတင်နံပတ် (၁) နဲ့ဗိုလ်စွဲပြီး အဆောင်ထဲမှာ ပထမဦးဆုံး နေရာချခံရပါတယ်၊ ကျနော်တို့ တပ်မ ၄၄ က မြစိုး၊ သန့်ဇင်၊ မင်းညို၊ ကျော်သက် အစရှိတဲ့ ဌက်သမားတွေကတော့ အဆောင်ထိပ်ပိုင်းနေရာတွေကို သိမ်းပိုက်နိုင်လောက်အောင်ကို ကရင် Angery Bird တွေက အစွမ်းပြခဲ့ပါတယ်၊
ဆေးရုံတပ်မှုးကတော့ သူပြောတဲ့အတိုင်း မနက်တခေါက်၊ ညနေတခေါက် သင်တန်း ကိုလာ ရောင်းလှည့် စစ်ဆေးပါတယ်၊ ဆေး ထိုးဖို့လိုရင် ထိုး၊ ဆေးသွင်းဖို့လိုရင်သွင်းနဲ့ တကယ့်က ကျနော်တို့ကို ဖခင်တယောက်လို ဂရုစိုက်ခဲ့ပါတယ်၊ ဆေးရုံကနေ နွားနို့ ကြက်ဥတွေ နေ့တိုင်းကားနဲ့လာပို့ပေးပါတယ်၊
ဆေးရုံတပ်မှုးကတော့ သူပြောတဲ့အတိုင်း မနက်တခေါက်၊ ညနေတခေါက် သင်တန်း ကိုလာ ရောင်းလှည့် စစ်ဆေးပါတယ်၊ ဆေး ထိုးဖို့လိုရင် ထိုး၊ ဆေးသွင်းဖို့လိုရင်သွင်းနဲ့ တကယ့်က ကျနော်တို့ကို ဖခင်တယောက်လို ဂရုစိုက်ခဲ့ပါတယ်၊ ဆေးရုံကနေ နွားနို့ ကြက်ဥတွေ နေ့တိုင်းကားနဲ့လာပို့ပေးပါတယ်၊
တကယ်ဆို သည်ရိက္ခာတွေ သည်ဆေးတွေနဲ့ သူ့ဆေးရုံက သူနာပြုတွေသူ့အချိန်တွေကို ကျနော်တို့အတွက် မသုံးလည်းရပါတယ်၊ ဒါပေမဲ့ အဲသည်အချိန်က ဆေးတပ်မှုးရဲ့ စေတနာက အံမခန်းပါဘဲ၊ မနက်လေ့ကျင့်ခန်းလည်း နေမကောင်းမခြင်း ကျနော်တို့ ဘားတိုက်အိပ်ဆောင်က မထွက်ရပါဘူး၊သင်တန်းမှုးက ပြောပါတယ်။ မင်းတို့အပတ်စဉ်ကျမှဘဲ တိုက်ခိုက်ရေးကျောင်းလည်း ဆေးရုံဖြစ်တော့တယ်တဲ့၊ ဟုတ်ပါတယ် ရာဇ၀င်ထွင်ခဲ့ပါတယ်၊ အဲသည် အချိန်ကကျောင်းမှာ ကျနော်တို့အဆောင်ကို ဖျားနာဆောင် ( sick Barrack) လို့ခေါ်ကြပါတယ်၊
အခုပြန်တွေးကြည့်တော့ ဆေးတပ်မှုးသည်လို စေတနာထားခဲ့လို့သာ ကျနော်တို့အပတ်စဉ်က ကျနော်အပါအ၀င် ဌက်သမားအတော်များများ အချိန်မှီ ဗိုလ်ဖြစ်ခဲ့ရတာပါ၊ အရမ်းကျေးဇူးတင်ဖို့ ကောင်းပါတယ်၊ တချို့ (၃) ယောက်လောက်တော့ ဌက်ကိုက်တာများလို့ နည်းနည်းနောက်ကျတာတော့ ရှိပါတယ်၊ အနီးဆုံး အပတ်စဉ်နဲ့ ပြန်တက်ရပြီး ဘီစီနဲနဲနောက်ကျသွားတာ ရှိပါတယ်၊ ကံကောင်းတာက ကြားမှာ ဘယ်ဗိုလ်သင်တန်းကျောင်းမှ မဆင်းတော့ သိပ်အဆက်ပြတ်တယ်လည်း မဟုတ်ပါဘူး၊ ပြန်တမ်းဝင်ဖြစ်ရက် နဲနဲနောက်ကျသွားတဲ့ သဘောပါဘဲ၊
ကျနော် မှတ်မိသလောက်တော့ အောင်ဆန်းဦး၊ မင်းညို နဲ့ သန့်ဇင် တို့ထင်ပါတယ်၊ဘာဘဲဖြစ်ဖြစ် စစ်ဆေးရုံတပ်မှုးကို ကျနော်တို့အားလုံး ကျေးဇူးအထူး တင်ခဲ့ရပါတယ်၊
(အပိုဒ် ၃ တွင် အခါကြီး မင်းညိုသံစဉ်ကမ္ဘာထဲ မမြော့်လင့်ဘဲ ရောက်ရှိသွားပုံကို တင်ဆက်ပါမည်)
ဓါတ်ပုံ- ဆေးတပ်မှ အရာရှိများပုံ အင်တာနက်မှယူပါသည်၊