သံစဉ်များနဲ့ အားခါကြီး (၃)
+++++++++++++
PT မပြေးရ Fatigue မလုပ်ရ တိုက်ခိုက်ရေးကျောင်း sick barrack ဖျားနာဆောင်မှာ ကြက်ဥသောက် နွားနို့သောက်ရင်း အမ်းဂရီးဘတ် ဌက်ဖျားကြီးကို အံတင်းတိုက်ခိုက်နေတုံးမှာဘဲ အခါကြီးခေါ်တဲ့ မင်းညိုကြီးမှာ ငယ်ထိပ်ဌက်ဆိတ်တာ ခံရပါတော့တယ်၊ အခါကြီး ဌက်ဖျားတက်လို့ ဆေးရုံခေါ်သွားပြီဆိုတဲ့အချိန်မှာ ကျနော်လည်း ဌက်ဖျားကြောင့် တုန်တက်လို့နေပါတယ်၊
နောက်နေ့မနက်မှာတော့ အခါကြီးဦးဏှောက်ထဲ ဌက်ဖျားပိုးရောက်သွားပြီ၊ သတိမရတော့ဘူး၊ အခြေအနေမကောင်းတော့ဘူး ဆိုတဲ့ သတင်းဆိုးကိုကြားရပါတော့တယ်၊ တကယ်တော့ အခါကြီးဆိုတာ ကျနော်တို့ထက် တနှစ်နီးပါးအသက်ကြီးပါတယ်၊ ၁၉၆၃မွေးပါ၊ ဗိုလ်သင်တန်းပါလာတော့ တောင်ကြီးတက္ကသိုလ်မှာ ဒုတိယနှစ် စိတ်ပညာ နဲ့တက်နေရင်းပါလာတာပါ၊ ဗလကလည်း ခပ်တောင့်တောင့် ၊ မေးရိုးကားကားနဲ့ မြန်မာရုပ်ရှင်မင်းသား ရွှေဘကြီးတို့ ဒီဇိုင်းပါဘဲ၊ တက်ကြွတယ်၊ ကျနော်တို့လိုမဟုတ်ဘူး။ လူကြီးဆန်ဆန် နေတတ်ပါတယ်၊ တိုင်းရင်သားပေမဲ့ အိုက်စံကြီးတို့လိုလည်း ဟိုလူကစ၊ သည်လူကစနဲ့ ခံနေရတဲ့ ရိုးရိုးကြီးဇေယျ လည်း မဟုတ်ပြန်ပါဘူး၊
အခါကြီး ဆေးရုံတက်ပြီး နောက်နေ့မှာ ကျနော်တို့ ဗိုလ်လေးတစု ညနေပိုင်း လူနာသတင်း သွားမေးကြပါတယ်၊ အခါကြီးက သတိမရသေးပါဘူး၊ သွေးပုလင်း ၊ ဆေးပုလင်းတွေနဲ့ ၀ါယာတွဲထားတဲ့ ခုတင်ပေါ်က အခါကြီး ကိုကြည့်ရတာ မသက်သာလှပါဘူး၊ ကိုဝင်းဦးလို၊ ရွှေဘကြီးလို ခပ်တောင့်တောင့် ဗလကြီးနဲ့ အခါကြီးခင်မျာ အခု ခုတင်ပေါ်မှာတော့ ဌက်ဆိတ်ထားတဲ့ လေထိုးရုပ်ကြီးလို ပျော့ခွေလေလျှော့လို့ ဗြော့ကြီးကြိုးပြတ် ဖြစ်နေရရှာပါပြီ၊ သတိကမရသေးပါဘူး၊
ကျနော်တို့ လူနာလာကြည့်နေချိန်မှာဘဲ ခရိယာန်ဘုရားရှိခိုးကျောင်း က သင်းအုပ်ဆရာကြီးနဲ့ အဖွဲ့ လာကြည့်တာ တွေ့ရပါတယ်၊ ကျနော်က ဗုဒ္ဒဘာသာဖြစ်ပေမဲ့ သင်တန်း (၃) နှစ်လုံး အနီးကပ်ပေါင်းလာတာက ကချင်ကြီးဇော်မိုင် ဆိုတော့ တနင်္ဂနွေနေ့တိုင်း ဘုရားရှိခိုးကျောင်း လိုက်သွားမိပါတယ်၊ ဘုရားသီချင်းတွေလည်း ဆိုခဲ့ပါတယ်၊ နောက် အလကားနေအလကား ခရိယာန်တရားစာအုပ်တွေဖြစ်တဲ့ ရှင်မာကု ခရစ်ဝင်၊ ရှင်မသဲခရစ်ဝင် စာအုပ်တွေဖတ်မိပါတယ်၊၊
ဒဿနိက သမားဖြစ်တဲ့အတွက် တချို့စာလေးတွေဆို အခုထိမှတ်မိနေပါသေးတယ်၊ ဥပမာ-
×××× ကိုယ်ခန္ဒာကိုသာ သတ်ရ်ျစိတ်ဝိဥာဉ်ကို မသတ်နိုင်သော လူတို့ကို မကြောက်ကြနှင့်၊ ကိုယ်ခန္ဒာနှင့် စိတ်ဝိဥာဉ်ကို ငရဲ တွင်ဖျက်ဆီးနိုင်သူကို သာကြောက်ကြလော့××××××
×××××ဖြောင့်မတ်ခြင်းတရားကြောင့် နှောက်ယှက်ခြင်း ဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြဧ။် ×××××
××××× သင်တို့သည် လောကဧ။်ဆားဖြစ်သည်၊ ဆားမူကား အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ပြန်ရမည်နည်း၊ အပြင်သို့ကျော်နင်းခြင်းမှ တပါးမည်သို့မျှ အသုံးမ၀င်၊ ×××××× သင်တို့သည် လောကဧ။်အလင်းဖြစ်သည်၊ ဆီမီးထွန်းထားပြီး တောင်းဇလားအောက်တွင် ဖုံးထားလေ့မရှိ၊ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းရစေခြင်းဌာ ဆီမီးခုံပေါ်တွင် တင်ထားလေ့ရှိသည်၊ သူတပါးတို့သည် အသင်တို့ဧ။်ကောင်းသောအကျင့်ကိုမြင်ပြီး ကောင်းကင်ဘုံတွင် ရှိတော်မူသော သင်တို့ဧ။် အဘဂုဏ်တော်ကို ချီးမွှမ်းစေခြင်းဌာ သင်တို့အလင်းကို လင်းကြစေလော့၊×××××××စတဲ့ အကျင့်စာရိတ္တ ထိမ်းသိမ်းရေးဆိုင်ရာ လေးတွေကို အမှတ်တရ ကူးယူမှတ်သားထားမိပါတယ်၊

ကျနော့ကို ခရိယာန်သူငယ်ချင်းတွေက ခရစ်ယောင်လို့စခေါ်ကြပါတယ်၊ တကယ်တော့ ကျနော်ဟာ ၀ါသနာအရ အတွေးအခေါ်တွေ ကို စိတ်ဝင်စားတတ်သူပါ၊ ကျနော်က ခရိယာန်ဘုရားရှိခိုးကျောင်း လိုက်တက်မိသလိုဘဲ၊ ကချင်ကြီးဇော်မိုင်ကလည်း ကျနော်နဲ့အတူ ဘုရားလိုက်တက် ဘုန်းကြီးထိုင်ရှိခိုးနဲ့ ဘာသာတရားဟာ ကျနော်တို့ညီအကိုနှစ်ယောက်ကြားမှာ အဟန့်အတားမဖြစ်ခဲ့ပါဘူး၊
နောက်နေ့ညနေတိုင်းမှာ ကျနော်တို့အခါကြီးစီရောက်သလို ခရိယာန်အဖွဲ့တွေကလည်း ရောက်နေပါတယ်၊ သူတို့က ဆေးတပ်မှုးကို ခွင့်တောင်းလို့ အခါကြီးခုတင်ပတ်လည်မှာ ၀ိုင်းပြီးသူတို့ဘာသာအရ ဆုတောင်းကောင်းချီးခံယူစေပါတယ်၊ သာယာညှင်းပြောင်းစွာ သီဆိုနေတဲ့ ဓမ္မသီချင်းသံတွေကြားထဲမှာဘဲ
အခါကြီး ပြန်သတိရလာပါတယ်၊ ဒါပေမဲ့ အရင်က ဗိုလ်လေးအခါကြီး မဟုတ်တော့ပါဘူး၊ ဌက်ဖျားပိုး ဦးဏှောက်ထဲရောက်သွားတဲ့ တန်ခိုးနဲ့တခါထည်း အခါကြီးကနေ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သွားပါတော့တယ်၊ သူ့အခန်းအ၀င်မှာလည်း သူအတင်းရေးကပ်ခိုင်းထားလို့ ဆေးတပ်သားလေးက နားညီးသက်သာပြီးရောလို့ဆိုပြီး ရေးကပ်ထားတဲ့ ဆိုင်းဘုတ်ရှိပါတယ်၊ စက္ကူဖြူဖြူမှာ ခနော်နီခနော်နဲ့ လက်ရေးနဲ့ရေးထားတာကတော့ “သတိ-ဗိုလ်ချုပ်အောင်ဆန်း အခန်း၊အခန်းထဲဝင်ရင်အလေးပြုပါ” တဲ့၊----

သည်လိုနဲ့ အခါကြီးအခန်းထဲကို ၀င်တဲ့လူတိုင်း အလေးပြုဝင်ရပါတော့တယ်၊ ဆရာဝန်ဆရာမတွေကအစ ကျနော်တို့သူငယ်ချင်းတေG အဆုံးပေါ့၊ ၀င်ခွင့်ပြုပါ ဗိုလ်ချုပ်၊ ဟုတ်ကဲ့ပါဗိုလ်ချုပ်နဲ့ အားလုံးကချုပ် နေရတာပေါ့လေ၊ အခါကြီးကတော့ ခုတင်ထက်မှာ မိန့်မိန့်ကြီးထိုင်လို့ ခေါင်းတငြိမ့်ငြိမ့်နဲ့ ပွဲခံနေတာပေါ့၊
အလေးပြုမ၀င်တဲ့ လူတွေကတော့ အခါကြီးရဲ့ ဆဲဆိုကြိမ်းမောင်းသံတွေနဲ့ နပန်းလုံးရပါတော့တယ်၊
နောက်နေ့ အလေးမပြုဘဲဝင်မိတဲ့ ကံဆိုးသူမောင်ရှင်ကတော့ ကျနော်တို့သင်တန်းမှုးဗိုလ်ကြီးစိုးဝင်း (ဗသက ၄၇ သမညွှန်ချုပ်ကနေအငြိမ်းစား) ဘဲဖြစ်ပါတယ်၊ သူက အခန်းဝက စာကိုမဖတ်မိဘဲ အခန်းထဲ
တန်းဝင်သွားပြီး ခုတင်ပေါ်က သတိရနေပြီဖြစ်တဲ့ အခါကြီးကို ၀မ်းသာအားရ နုတ်ဆက်ပါတယ်၊ ငါ့တပည့်နေကောင်းသွားပြီလားကွ ဆိုပြီးတော့ပါ၊ အဲသည်မှာ အခါကြီးက သောင်းကျန်းတော့တာပါဘဲ ဟေ့ကောင်မင်းကငါ့ကို တပည့်လို့ခေါ်ရအောင် ဘာကောင်လည်းကွ၊ ငါမင်းတပည့်မဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းကွလို့ဆိုပါတယ်၊ ကြောင်အန်းအန်းဖြစ်သွားတဲ့ သင်တန်းမှုးကြီးကို မောင်မင်းကြီးသား (တကယ်တော့ ဦးအာမဲ+ဒေါ်မီချူးတို့ရဲ့သား) အခါကြီးက ဆက်ပြီးအမိန့်ပေးပါတော့တယ်၊ ဟေ့ကောင်သတိဆွဲထားစမ်း၊ အထက်အရာရှိရှေ့မှာ မင်းကခြေကားယားလက်ကားယားနဲ့ ငါလိုဗိုလ်ချုပ်ကို မထီမဲ့မြင်လုပ်တဲ့ကောင် အခုဂျွမ်း ၁၀ ပတ်ထိုးလိုက်စမ်းတဲ့၊ အမယ် ဒါတော့မှတ်မိသားဗျ၊ သင်တန်းမှုးက အပြစ်ပေးရင် ဂျွမ်းထိုးခိုင်းတတ်တာကို၊

သင်တန်းမှုးခင်မျာ အခါကြီးအမိန့်ပေးတဲ့အတိုင်းဘဲ သတိဆွဲရမလို၊ ဂျွမ်းဘဲပတ်ထိုးရမလိုနဲ့ ဂွတီးဂွကျ ဖြစ်နေတာပေါ့လေ၊ ကယ်တင်ရှင် ကတော့ အကင်းပါးတဲ့ လူနာစောင့် ဆေးတပ်သားလေးဘဲဖြစ်ပါတယ်၊ မာန်နဲ့ထန်နဲ့ သတိကိုမတ်အောင်ဖြောင်းကနဲဆွဲ အလေးပြုပြီး- ဗိုလ်ချုပ် သည်ဗိုလ်ကြီးကမသိလို့ပါ၊ အခုဗိုလ်ချုပ်ပြောတဲ့ အတိုင်း ကျနော်သူ့ကို အပြင်ခေါ်သွားပြီး အပြစ်ပေးလိုက်ပါ့မယ်၊ အခန်းထဲမှာဆို ပန်းကန်ခွက်ယောက်တွေ ကွဲကုန်မှာစိုးလို့ပါဆိုပြီး သင်တန်းမှုးကို လက်ကုတ်လို့ အပြင်ကိုခေါ်ထုတ်ပြီး အခြေအနေရှင်းပြရပါတယ်၊
ဆေးတပ်သားလေး ခေါ်ထုတ်သွားတာတောင် အနောက်ကနေ အခါကြီးက အမိန့်ပေးလိုက်သေးတယ်၊ အဲသည့်ငမိုက်သားကို ၈ျွမ်း ၁၀ ပတ်ကို မွတ်နေအောင်ထိုးခိုင်း၊ ခိုင်းတဲ့အတိုင်း မလုပ်ရင် ပစ်သတ်လိုက်တဲ့၊ ဘုရားဘုရား ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းက အကြမ်းကြီးပါလားနော်။
သည်လိုနဲ့ တရားသီချင်းသံတွေ ညနေတိုင်း ၀ိုင်းဆိုပေးရင်း ထိမ်းသိမ်းမရဖြစ်နေတဲ့ အခါကြီး စိတ်တွေငြိမ်သက် လာပါတယ်၊ ရူးသွားပြီလို့ သတ်မှတ်ထားကြတဲ့ အခါကြီးဟာ ကုသပေးနေတဲ့ ဆရာဝန်ဆရာမတွေရဲ့ စေတနာ ၊ဆေးဝါးတွေရဲ့ အစွမ်းအပြင် သူယုံကြည်ကိုးကွယ်ရာ ဘာသာတရားရဲ့ အာနုဘော်သံစဉ်များကြားမှာ သတိပြန်လည်လာခဲ့ပါတယ်၊ အစပထမ သတိရခါစမှာ သူ့ကို သီချင်းဝိုင်းဆိုတာကိုတောင် ခါးခါးသီးသီး ကန့်ကွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တဖြေးဖြး ဂီတသံစဉ်တွေကို ခံစားတတ်လာသလိုပါဘဲ မျက်စိံလေးမှိတ်လို့ ငြိမ်နားထောင်နေတတ်သလို၊ လက်ချောင်းလေးတွေနဲ့လည်း စည်းချက်လိုက်လာတာ တွေ့ရပါတယ်၊
နောက်ပိုင်းမှာတော့ ဘုရားသီချင်းဆိုမယ်ဆိုတာနဲ့ လက်ကလေးဆုပ်လို့ ဆုတောင်းတဲ့ပုံစံ လုပ်လာခဲ့သလို၊် နှုတ်ခမ်းတလှုပ်လှုပ်နဲ့ လိုက်ဆိုလာနိုင်တဲ့အထိကို တိုးတက်လာပါတယ်၊ နောက်ဆုံးတော့သံစဉ်များနဲ့ကမ္ဘာထဲမှာ အခါကြီးနိုးထလာခဲ့ပါပြီ၊