ကြားရဖတ်ရတာ နား..ရင် မသက်သာတော့လို့ ပြောမှဖြစ်တော့မယ်..ကိုယ့်လူတို့ ။
ထိုးလို့ရတယ်...
ခြေနဲ့ မကန်ရင်ပြီးရောတဲ့..
စစ်တပ်မှာ ဂျူနီယာဆိုတာ ဒီလိုပဲတဲ့..။
ထိုးလို့ရတယ်...
ခြေနဲ့ မကန်ရင်ပြီးရောတဲ့..
စစ်တပ်မှာ ဂျူနီယာဆိုတာ ဒီလိုပဲတဲ့..။
ခေတ်ပဲပြောင်းသွားတာလား
ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း
ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း
ကောင်းတာတွေရော မကောင်းတာတွေရော ပြောင်းကုန်ကြပြီလား..။
စစ်သားဘ၀ကို အမေ့မျက်ရေတွေကို ဥပက္ခာပြုပြီး
၁၆ နှစ်သား ဥမမယ် စာမမြောက်အချိန်ကစပြီး နှစ်ချိုက်စွာခံယူခဲ့ပါတယ်။
ဗိုလ်လောင်း ချာတိတ်ဘ၀မှာ
နာမည်ကြီးတပ်ခွဲက စီနီယာတွေနဲ့ စတွေ့ရပါတယ်
ဟုတ်ပါတယ် ရောက်ခါစ အရပ်သားစိတ်မပျောက်တဲ့ လူကို ပုံစံပေးမှ စစ်သားပုံအမြန်ထွက်မယ်ဆိုတာ
ပုံစံမျိုးစုံပေးပါတယ်။

အရပ်သားစိတ်မပျောက်သေးတဲ့ ဂျူနီယာ အတွက်တော့ အပြစ်တွေက များမှများ
အပြစ်တိုင်းမှာ ပြစ်ဒဏ်ပေးခံရပါတယ်။
ရီလို့ ..မျက်နှာပိုးမသေလို့...သက်ပြင်းခဏခဏချလို့
ဟုတ်/မဟုတ် တစ်လုံးထဲမပြောလို့
လက်သီးဆုပ်မထားလို့..လက် ၉၀ မလွှဲလို့...။ တိုက်ပုံကြယ်သီးအကုန်မတပ်လို့။
ရေမချိုးလို့ …
ယဥက ချုပ်ရိုးနဲ့မတဲ့လို့
ဖိနပ်ခွာ မတိုက်လို့ …အိပ်ချိန်မှာ ဖိနပ်ခိုးတိုက်လို့...အိပ်ချိန်မှာ ငိုနေလို့...။
မုန့်ခိုးစားလို့...။
ဂျုနီယာတစ်ယောက်အတွက် တစ်ခါတစ်လေ...အရာရှိတွေနဲ့ ကြိုးတန်းလန်းနဲ့ ပါလာတဲ့ အယ်ဇေးရှင်း ခွေးကတောင် ငါ့ထက် အဆင်ပြေသေးတယ် တွေးရလောက်အောင် …အပြစ်တွေချည်းပါပဲ....။

ဒါပေမဲ့
လက်ထောက်မှောက်..လေထီးခုန်..ခိုဆွဲခြင်း..နဲနဲဆိုးတဲ့ ဂျစ်တစ်တစ်ကောင်ဆို ဂျွမ်းထိုး။
ပိုဆိုးတဲ့ ငပွကောင်ဆို ဗိုလ်လောင်းအရာရှိရုံးတက် အီးဒီ...။
ခပ်စပ်စပ်လေး ပေးမှ ရမဲ့ကောင်ဆို ကျောပိုးအိပ်ထဲ အုတ်ခဲထဲ့ပြီး အက်စ်အီးဒီ..။
ကျုပ်တို့ခေတ် ၁၉၇၇-၁၉၈၁
ထိုးဖို့ ကန်ဖို့ မပြောနဲ့ လက်နဲ့တောင်မရွယ်ပါဘူးဗျား..။
သေချာအောင် ဂွင်းစဂွင်းပိတ်နဲ့ နောက်တစ်ခေါက် ထပ်ပြောပါမယ်..
(ထိုးဖို့ …ကန်ဖို့ မပြောနဲ့ လက်နဲ့တောင် မရွယ်ပါဘူး..။)

ဆဲဖို့လား...ဗိုလ်လောင်းဆဲခြင်း ဗိုလ်လောင်းအချင်းချင်း ရန်ဖြစ်ခြင်းဟာ အလွန်အပြစ်ကြီးပါတယ်..
ကိုယ့်အချင်းချင်းဆဲချင်ရင် အသံတိတ် စီနီယာ မကြားအောင် ပါးစပ်လှုပ်ပြီးဆဲရပါတယ်။
အချင်းချင်းရန်ဖြစ်ချင်ရင် အနောက်က နေကြာတောထဲ ပုခုံးဖက် သွားပြီး အားရပါးရ ရန်ဖြစ်ပြီး ပုခုံးဖက်ပြီးပြန်လာရပါတယ်။ ဒဏ်ရာရအောင် ရန်ဖြစ်လို့ မရပါဘူး အာတီယူပါပဲ။

ဒို့ခေတ်မှာ မင်းတော်တော် “ပဲ့ ” ပါလားဆိုတော အပြင်းထန်ဆုံးဆဲခြင်းပါပဲ...။
“Mind Honour is my life both grow in one, take honour from me my life is done.”
လို့ ကြွေးကြော်တဲ့ကျောင်းမှာ
” ပဲ့ “တယ်လို့အပြောခံရတဲ့လူဟာ တစ်ပါတ်လောက် စားမ၀င်အိပ်မပျော်ပါဘူး...။

စီနီယာအထိုးလား...ခံဘူးတာပေါ့ကွာ
ဒါပေမဲ့ အခုလို မဟုတ်မတရားတော့မဟုတ်ဖူး
လက်ဝှေ့ သင်တာ..
ကိုယ်က ပင်းဝိတ် သင်တဲ့လူက ၂၁ က ၁၈၇၇ ကိုတင်ယု အခု ရုရှားသံအမတ်ကြီး ဖယ်သာဝိတ်
Cadet နံပါတ်တောင်အလွတ်ရသေး..။
သူနဲ့ တွယ်ရတာ မူးနောက်နေအောင် အထိုးခံရတာ..ဒါပေမဲ့ ချစ်လိုက်ခင်လိုက်..လေးစားလိုက်သမှ..။
အခုအရွယ်ထိ နားရွက်ဆွဲ လက်သီးနဲ့ အရွယ်ခံရတုန်း။
ပြောရင်နာခံတုန်း။
ဟေ့…ဆို သတိဆွဲတုန်း “ဟုတ်” တုန်း။

နောက် ကျဆုံးသွားပြီ ဖြစ်တဲ့ ၂၁ က ကိုဌေးမြင့်..။ ၀ါးခယ်မ လားသမိုင်ရွာသား..လူမပြောနဲ့ ရွာပါမှတ်မိတယ်။
သူနဲ့ဆို ကင်းတွဲကျတဲ့ ဂျူနီယာတွေ မချောင်ဘူး..စာမေးပြီး မရရင်အပြစ်ပေးတတ်လို့ ။
ပွစီပွစိပြောတတ်တဲ့နာမည်ကျော်ကြီးဆိုတော့ ဂျုနီယာတွေက ဘွတ်ဖင်လို့ တောင်အမည်ပြောင်ပေးတယ်။
သူနဲ့ ကင်းကျတယ်..စာမေးတယ် မရဘူး..မြောင်းကိုခွပြီး လက်ထောက်မှောက် အပြစ်ပေးတယ်
၅၀ ကျော်လာတော့ မရတော့ဘူးလူကောင်သေးသေးဆိုတော့ မြောင်းထဲ ကျတယ်..
မောမောနဲ့ ပါးစပ်ထဲဝင်လာတဲ့ ရေတွေ သောက်ပစ်လိုက်တာကောင်းမှကောင်း
ဟေ့ကောင်..ဟေ့ကောင်ဆိုပြီးဆွဲမတယ်..
မင်းကွာဆိုပြီး သူမျက်ရည်ကျတယ်..။
နောက်သူနဲ့ ကင်းကျရင် စာတွေလဲရ ကုလားကြီးပေါင်မုန့်လဲအမြဲစားရတယ်။
အကိုတစ်ယောက်လိုပဲ စောင့်ရှောက်တယ်..။ သူဒဏ်ရာရတော့ သွားတွေ့တယ်..
နောက်သူကျသွားတော့ ကိုယ့် အကို ကျတုန်းကလိုပဲ မျက်ရည်ကျမိ တယ်..။

ပြောရရင် တစ်ထောင့် တစ်ညပုံနဲ့ များပါလိမ့်မယ်...။
ဒါပေမဲ့...ကိုယ့်လူတို့...ထိုးတာမပါဘူး...ကန်တာမပါဘူး..ဆဲတာမပါဘူး..။
ထပ်ပြောမယ်..
ထိုးတာမပါဘူး...ကန်တာမပါဘူး...ဆဲတာမပါဘူး ကိုယ့်လူတို့ ….။
မပျက်ခင်ပြင်ကြ။

ဗိုလ်ချုပ်ကြီး သူရသက်ဆွေ (အငြိမ်းစား)
ကာကွယ်ရေးဦးစီးချုပ် (ရေ)