
“နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကုတ္တရာစရိယ ကျင့်တဲ့ လုပ်ငန်း၊ ဒါဟာ ဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ် ပုဂ္ဂိုလ်များ၊ ဘုရားအလောင်းများမှသာ လုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆထားတယ်။ အဲဒီလို အလွန်မွန်မြတ်တဲ့ဘ၀ထဲမှာ တခါတရံ လူယုတ်မာတွေ ပါလာကောင်းပါလာမယ်။ အဲဒီလို လူယုတ်မာတွေ ပါလာတာကြောင့် နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား” (ဗိုလ်ချုပ်အောင်ဆန်း)
အိန္ဒိယ ဘုရင်ခံချုပ် မောင့်ဘက်တန် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ညစာစားပွဲတစ်ခု၌ အနောက်တိုင်း ဓလေ့အတိုင်း ဂုဏ်ပြုစကားပြောကြားစဉ် ..“နိုင်ငံရေးလောကဟူသည် လူရှုပ်လူယုတ်တို့၏ ကွန်းခိုရာဖြစ်သည်” ဟု ဟာသ သဘောဖြင့် ပြောလိုက်သည်ကို စကားပြောရမည့်သူ စာရင်းတွင် မပါသော်ငြားလည်း မဟုတ်မခံစိတ်ရှိသော ဗိုလ်ချုပ်က မည်သူတစ်ဦး တစ်ယောက်၏ ခွင့်ပြုချက်ကိုမှ မယူဘဲ မောင့်ဘက်တန် ရှိရာသို့သွား၍ နိုင်ငံရေး၏ ဝေါဟာရကို အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ရဲရင့်ပြတ်သားစွာ အဓိပ္ပါယ်ဖွင့် ဆိုခဲ့ဖူးသည်။
သို့သော်လည်း နိုင်ငံရေး၏ ဝေါဟာရကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြသူတွေကိုလည်း တွေ့ဖူးပါသည်။ ကျွန်တော်သည် နိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါ။ သို့သော်လည်း မြန်မာလူမျိုးဖြစ်သည့် ကျွန်တော်သည် ရှောင်လွှဲလို့မရသည့် မြန်မာနိုင်ငံရေးတွင် သားကောင်းများစွာထဲမှ တစ်ဦးသာ လျှင်ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် နိုင်ငံရေး၏သားကောင်လို့ မှတ်ယူလိုက်သည့်အချိန်မှစလို့ ယခုအချိန်ထိ ကျွန်တော့်နိုင်ငံအတွက် အလုပ်ပေးချင်ဆုံးအရာသည် နိုင်ငံသားတိုင်း၏ ဘ၀ တိုးတက်မြင့်မားရေးပင်ဖြစ်သည်။ ဤဆန္ဒသည် ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘ၀ကနေ သင်ပြပေးလိုက်သည့် တောင်းဆိုမှုပင်ဖြစ်ပါသည်။ လက်တစ်ဆုပ်စာ အခွင့်ထူးခံ ရေပေါ်ဆီလူတန်းစားမှလွဲ၍ ကျန်သော မြန်မာနိုင်ငံသား အားလုံးနီးပါးတို့သည်လည်း ကျွန်တော်၏ ဆန္ဒနှင့် တထပ်တည်းရှိပေလိမ့်မည်ဟု ယုံကြည်ပါသည်။
နိုင်ငံသားတိုင်း၏ဘ၀ကို တိုးတက်မြင့်မားစေချင်သည့် ကျွန်တော်သည် ပညာတတ် တစ်ယောက်မဟုတ်သလို၊ ငွေကြေးချမ်းသာကြွယ်ဝသည့် သူကြွယ်တစ်ယောက်လည်း မဟုတ်ပါ။ ထို့အတူ လုပ်ပိုင်ခွင့်အာဏာရထားသူလည်း မဟုတ်ပါ။ သို့သော်လည်း တက်လှမ်းနိုင်စွမ်းရှိသူတွေကို အထောက် အကူပြုသည့် ငြမ်းတစ်ခုမှ ၀ါးတစ်လုံး(သို့မဟုတ်) ငြမ်းချည်သည့် ကြိုးတစ်ချောင်းသာ ဖြစ်ပါသည်။
ပြည်သူတွေရဲ့အကျိုးကို သယ်ပိုးရမှာက နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတို့ရဲ့တာဝန် ပြည်သူတွေရဲ့အကျိုးကို ကာကွယ်ပေးမည့် နိုင်ငံရေးသမား၊ တော်လှန်ရေးသမားကို ၀န်းရံပေးရမှာက ပြည်သူတွေရဲ့တာဝန်ပါ။
နိုင်ငံရေးသမားကောင်းမရှိတဲ့ တိုင်းပြည်ဟာ ပျက်ဆီးရသလို၊ ပြည်သူ မထောက်ခံတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားဟာလည်း ကျရှုံးရစမြဲပါ။ ထို့အတူ နိုင်ငံရေးမသိ၊ တော်လှန်ချင်တဲ့ စိတ်မရှိတဲ့ ပြည်သူတွေရဲ့ ဘ၀ဟာလည်း နိမ့်ကျနေပေလိမ့်မည်။
ပြည်သူတို့သည် မိမိတို့အကျိုးကို သယ်ပိုးနိုင်မည့် နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ကောင်းတွေကို မွေးထုတ်ကြရမည်။ သို့မှသာ ပြည်သူတွေရဲ့ အနာဂတ် လှပနိုင်မည်။ သို့မဟုတ်ပါက ကျွန်တော်တို့ ပြည်သူတွေအနေဖြင့် ကျောက်ခဲတစ်ဆုပ်၊ ဆန်တစ်ဆုပ်၊ စပါးလုံးတပြုတ်နဲ့ ထ္မင်းကို စားနိုင်ဖို့ ခွန်အားမွေးရပေလိမ့်မည်။ “ပြည်သူတွေဟာ သူတို့နဲ့ ထိုက်တန်သည့် အစိုးရကိုသာ ရကြသည်” ဆိုသည့် အဆိုအမိန့်သည် အစွမ်းထက်သည့် ဆေးခါးကြီးနှင့် တူသည်။
မြန်မာလူမျိုးမှန်သမျှ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်နေသည်။ စီးပွားရေး၊ ပညာရေး၊ ဒုက္ခသည် စသည်ဖြင့် ကဏ္ဍမတူသော်လည်း မြန်မာတွေ ကမ္ဘာအနှံ့သို့ ရွှေ့ပြောင်းရောက်ရှိလာရခြင်းသည် မြန်မာ့နိုင်ငံရေးကြောင့်ပင်ဖြစ်သည်။
သို့ပါလျက် ပညာတတ်၊ စီးပွားရေးသမား၊ တော်လှန်ရေးသမား၊ ဒုက္ခသည်စသည့် အလွှာအသီးသီးအပေါ် အမှတ်မထင် ပေါ့ပျက်ပျက်ပြောလိုက်တဲ့ မောင့်ဘက်တန်ရဲ့ စကားက ဘာကြောင့်များ လွှမ်းမိုးနေရပါသနည်း။
အမေရိကန်မှာ ခွေးတစ်ကောင်ရဲ့ ကုန်ကျစရိတ်က မသေးလှပါ။ ကိုယ်ကိုယ်တိုင် ခွေးမမွေး ဖူးသော်လည်း ခွေးတစ်ကောင်၏ ကုန်ကျစရိတ်ကို ခွေးမွေးဖူးသူတွေ ပြောပြလို့ သိခဲ့ရသည်။လူတိုင်းခွေး မမွေးနိုင်သည့်တိုင် ခွေးတစ်ကောင်၏ တစ်ရက်စာလောက်တော့ လူတော်တော်များ တတ်နိုင်ကြပေသည်။ သို့ပါလျက် နိုင်ငံရေးကြောင့် ပြည်ပသို့ ရောက်လာကြသည့် ပညာတတ်၊ စီးပွားရေးသမား၊ တော်လှန်ရေးသမား၊ ဒုက္ခသည် တချို့ ပြည်တွင်းကို ဘာ့ကြောင့်များ ခွေးတစ်ကောင်ရဲ့ တစ်ရက်စာလောက်ကိုတောင် ထောက်ပံ့ဖို့ တွန့်တိုနေ ကြတာလဲ။
ပြည်တွင်းထောက်ပံ့ရေးအတွက် ကျွန်တော် ပြည်ပရောက် မြန်မာတွေဆီကနေ အလှူခံခဲ့ဖူးသည်။ တချို့ကတော့ နိုင်ငံရေးအပေါ် ဗိုလ်ချုပ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း နားလည်ထားကြသည်။ သို့သော်လည်း နည်းပါးလှသည်။ လူတချို့ရဲ့ အတွင်းစိတ်မှာတော့ဖြင့် တိုင်းပြည်တိုးတက်ဖို့ထက် နိုင်ငံရေး ကို မောင့်ဘက်တန် ပြောသလို နားလည်ထားကြဟန်တူသည်။
ပြည်ပရောက်နေတဲ့ မြန်မာတွေထဲမှာ တတိယနိုင်ငံရောက်နေတဲ့ နိုင်ငံကလူတွေထက် ဒုတိယနိုင်ငံ(အာရှနိုင်င)ံတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေက နိုင်ငံရေးအပြောင်းအလဲကို ပိုမျှော်လင့်ကြတာကို တွေ့ရ သည်။
အနှစ်(၂၀) ကျော် စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ကာလမှာ သူတို့အလုပ်လုပ်နေတဲ့ နိုင်ငံကပြည် သူတွေ သိထားတဲ့ မြန်မာဆိုတာကို ဖြေဖို့အတွက် အဖြေတွေ သူတို့ရဲ့ ရင်နဲ့မဆံ့အောင် ရှိနေကြသည်။
လွတ်လပ်ခြင်း ရဲ့အရသာကို အချုပ်အနှောင်ခံခဲ့ရဖူးသူက ပိုသိနိုင်သလို ထ္မင်းတလုပ်ရဲ့တန်းဖိုးကို ထ္မင်းငတ်ဖူးသူက ပိုသိနိုင်သည်။
သို့ဆိုပါလျှင် တတိယနိုင်ငံရောက်နေကြသူများသည် ထိုအချက်တို့ကို နားမလည်သော အခွင့်ထူးခံ လူတန်းစားများလော၊ နိုင်ငံရေးအလှည့်အပြောင်းမှာ စားခွက်ချောင်းသလော…။ မဆလ၊ န-၀-တ၊ န-အ-ဖ မှသည် ဒီမိုကရေစီ ပြောင်းချင်သလိုပြောင်း ကောင်းနေတာက အခွင့်ထူးခံတွေပါ။
အရာအားလုံးက ပြောင်းလဲနေချေပြီ…။ တချိန်က နိုင်ငံရေးဆိုတဲ့စာသားကို အသံထွက် မှန်အောင် မထွက်ဝံ့တဲ့ အလွှာပေါင်းစုံမှ လူ့မလိုင်တွေ ..ဒီမိုကရေစီ ရေစီးကြောင်းထဲမှာ သူရဲကောင်းတွေ အဖြစ် မြင်တွေ့နေရပြီ။ ဒီမိုကရေစီအနံ့ကြောင့် စစ်ဗိုလ်လူထွက် အစိုးရအရာရှိကြီးများလည်း နိုင်ငံတကာရဲ့ နိုင်ငံရေးမျက်နှာစာမှာ လူရာဝင်နေသည်။ ဌာနပေါင်းစုံမှ ပြုပြင်ပြောင်းလဲရေးအတွက် အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်နေသည်။ ရန်ကုန်မြို့တော်ကို အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရန် စီမံကိန်းရေးဆွဲကာ အကောင်အထည်ဖော်နေသည်၊ မိမိတို့ရပိုင်ခွင့်အတွက် နေရာတော်တော်များများမှာ ဆန္ဒပြတောင်း ဆိုနေကြပြီ…။
သို့သော်လည်း လုံးဝမပြောင်းလဲဘဲ အရင်အတိုင်းရှိနေတာကို ပြောင်းလဲဖို့ မည်သူကမျှ ဦးဆောင်၍ မတောင်းဆို။ တောင်းဆိုရကောင်းမှန်းလည်း မသိကြ။ တစ်ခါသုံး စက္ကုလောက်တောင် တန်ဖိုးထား မခံရတဲ့ အမေ့ခံဘ၀တွေ ရှိနေသည်။ ခေတ်အဆက်ဆက်၊ စနစ်အဆက်ဆက် လူသတ်၊ ဘဏ္ဍာဖောက်၊ ဘ၀တလျှောက် ရိုင်းချင်တိုင်း ရိုင်းခဲ့တဲ့လူတွေကို သင်ပုန်းပဲချေချေ၊ ကျောက်တံပဲ ချိုးချိုး ကြိုက်သလို ခွင့်လွှတ်တာကို နားလည်နိုင်ပေမယ့် တိုင်းပြည်ကောင်းကျိုးအတွက် အသက်တွေ၊ ဘ၀တွေနဲ့ ရင်းပြီး စွန့်လွှတ်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား စစ်စစ်တို့ရဲ့ မျိုးဆက်တွေ ရဲ့အနာဂတ်အတွက် မသိကျိုးကျွံ ပြုနေတာကတော့ ခံပြင်းစရာဖြစ်နေသည်။
နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ ဆိုသူတို့သည် ပြည်သူရဲ့ဝန် ကို ထမ်းနေရသူတွေသာ ဖြစ်သည်။ ကိုယ်ရဲ့ဝန်ကို ကောင်းကောင်းထမ်းနိုင်အောင် ကိုယ့်ဘက်ကလည်း ပြည်သူကောင်းဖြစ်ဖို့ ကြိုးစားသင့်သည်။
ပြည်သူမစစ်သည့် ပြည်သူတွေ များနေသရွေတော့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား အတုတွေလည်း များနေလိမ့်ဦးမည်ဟု မိမိ၏ထင်မြင်ချက်ကို တင်ပြရင်း အမိမြန်မာနိုင်ငံကြီး တိုးတက်ကြီး ပွားပါစေကြောင်း ဆုတောင်းလိုက်ပါသည်။
ထွန်းထွန်းနိုင်(အာရီဇိုးနားပြည်နယ်)
စာကိုး - ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၏ " အောင်သန်း၏အောင်ဆန်း "
။(ဟစ်တိုင် ဝက်ဆိုက်မှ ကူးယူဖော်ပြပါသည်)