လူတစ်ယောက်ရဲ့ ဘ၀နဲ့ စိတ်ဓါတ်ကို လွှမ်းမိုးတာ ၂ခုရှိတယ်၊
တစ်ခုက မွေးရာပါဗီဇ၊ နောက်တစ်ခုက ပတ်ဝန်းကျင်။ အဲ့ဒီပတ်ဝန်းကျင်ကိုမှ ထပ်ခွဲရရင်တော့ မိဘ ပါမယ်၊ ဆရာတွေ ပါမယ်၊ သူကြီးပြင်းရှင်သန်ရာ ဘေးပတ်ဝန်းကျင်က လူတွေပါမယ်၊ နောက်ပြီး သူဖတ်တဲ့မှတ်တဲ့ စာအုပ်တွေ ပါမယ်။ အဲဒီ၂ခုမှာမှ ပတ်ဝန်းကျင်က ပိုပြီး အရေးပါတယ်လို့ ဆိုကြတယ်။ အရင်တုန်းက လက်ခံခဲ့တာ Leaders are born ခေါင်းဆောင်တွေဟာ မွေးရာပါအရည်အချင်း ပြည့်ဝသူတွေ တဲ့။ ခုတော့ မဟုတ်တော့ဘူး၊ Leaders are made ခေါင်းဆောင်ကောင်းတွေ ဖြစ်ဖို့ လေ့ကျင့်ယူလို့ ရတယ် ဆိုပြီး လက်ခံလာကြပြီ။ အဲဒီလို လူတစ်ယောက်ရဲ့ အရည်အသွေးကို လွှမ်းမိုးနိုင်တဲ့ ပတ်ဝန်းကျင်မှာမှ မိဘက အရေးကြီးဆုံးပါပဲ၊ ဒါ့ကြောင့်လည်း လက်ဦးဆရာမည်ထိုက်စွာ ပုဗာစရိယ မိနဲ့ဖ ဆိုပြီးတော့ ပြောလေ့ရှိကြတာ။
ဒီနေ့ခေတ်မှာ အာဏာရှင်စနစ်ဟာ ခေတ်မစားတော့ဘူး၊ ကမ္ဘာမှာလည်း ပျောက်ကွယ်လုဖြစ်နေပြီ။ ကျွန်တော်တို့ဆီမှာလည်း ဒီအတိုင်းပဲ၊ ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်နေကြပြီ။ ဒါပေမဲ့ နိုင်ငံရေးစနစ်မှာသာ အဲဒီလို မကြိုက်ဘူး မကောင်းဘူး ပြောနေကြပေမဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာတော့ ကိုယ်တိုင်က အာဏာရှင်တွေ ဖြစ်နေတတ်တယ်။ ဆရာက တပည့်ကို၊ မိဘက သားသမီးကို၊ ဘုန်းကြီးက ကျောင်းသားကို အာဏာရှင်ဆန်ဆန်ပဲ ဆက်ဆံကြ၊ ထိန်းသိမ်းကြ၊ အုပ်ချုပ်ကြတယ်။ စောဒကတက်ရင် မကြိုက်ဘူး၊ မိဘက ပြောလိုက်ရင် တစ်ခွန်းပဲ ဆိုတာကို ဂုဏ်ယူစရာတစ်ခုလို သဘောထားကြတယ်။ ကျွန်တော်တို့တွေဟာ အဲ့ဒီလို အာဏာရှင်တွေရဲ့ လက်အောက်မှာ အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြရတယ်။ အဲဒီတော့ နည်းနည်းလေးမှ မလွတ်လပ်လိုက်နဲ့၊ အဲဒီလွတ်လပ်ခွင့်ကို အလွန်အကျွံ အသုံးချကြတယ်။ ကိုယ်ပိုင်အသိစိတ် အားနည်းလာတယ်၊ သူများထုတ်တဲ့ စည်းကမ်းတွေကြားမှာပဲ တင်းကြပ်စွာ ရှင်သန်ခဲ့ရတော့ ကိုယ်ပိုင်စည်းကမ်းရယ်လို့ မရှိတော့ဘူး၊ လွတ်ရင်လုပ်မယ် မလွတ်ရင်မလုပ်ဘူး ဆိုတာက ကျွန်တော်တို့အတွက် မွေးရာပါအသိတစ်ခုလို ဖြစ်လာတယ်။ ဒီစိတ်ဓါတ်နဲ့တော့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ မလွယ်ပါဘူး။ Autocratic Style က အကြောက်တရားနဲ့ အမိန့်နာခံမှုကို အခြေပြုတယ်၊ Democratic Style ကတော့ လူရဲ့ အသိစိတ်ဓါတ်ကို အခြေပြုတယ်။ ဒီတော့ ဒီစနစ်ကို အားကောင်းစေချင်ရင် ကျွန်တော်တို့တွေ ကိုယ်ပိုင်အသိစိတ်နဲ့ အလုပ်လုပ်တတ်အောင် ကြိုးစားကြရမယ်။
ကျွန်တော့်ဆေးခန်းမှာ ၉နာရီထက် နောက်ကျပြီးမှ ရောက်လာတဲ့သူ ပိုက်ဆံ ၅၀၀ ပေးရမယ် ဆိုတဲ့အချိန်က ဘယ်သူမှ နောက်မကျကြဘူး၊ အချိန်တစ်ခု ကြာလာလို့ အဲ့ဒါကို မလုပ်တော့တဲ့အခါလည်းကျရော၊ အိမ်ကဘာဖြစ်လို့ လမ်းမှာဘာဖြစ်လို့ စတဲ့ အကြောင်းပြချက်တွေ ကိုယ်စီ ပေါ်လာတော့တယ်။ လုပ်ရင်လုပ်၊ မလုပ်ရင် အပြစ်တစ်ခုခု ပေးမယ် ဆိုမှပဲ လုပ်တတ်ကြတော့တယ်။ ဘာလို့လဲ၊ ကျွန်တော်တို့တွေက ကိုယ်ပိုင်အသိစိတ်နဲ့ ရယူရမဲ့ လွတ်လပ်ခွင့်နဲ့မှ အသားမကျသေးဘဲကိုး။ အိုးမဖုတ်ခင် အိုးလုပ်စဉ်မှာကတည်းက တံဆိပ်နှိပ်ထားလိုက်မှ မြဲမြံတတ်တာမဟုတ်လား။ ခုမှ ကျွန်တော်တို့ကိုယ်ပေါ် လာနှိပ်တဲ့တံဆိပ်တွေက ထင်သလောက်တော့ မခိုင်မာနိုင်တော့ဘူးလေ။
Channel 7 က လာတဲ့ ချန်ပီယံလေးများ အစီအစဉ်ကို ကြည့်မိတယ်။ တခါတလေ ကလေးက ဥာဏ်ကောင်းတယ်၊ သွက်လက်တယ်၊ ဒါပေမဲ့ အမေက လောလွန်းအားကြီးနေတယ်၊ ညွှန်ကြားနေတာတွေက ကလေးမပြောနဲ့၊ အပြင်က ပရိသတ်လူကြီးတွေတောင် သေချာမရှင်းဘူး၊ အဲ့လိုဆိုတော့လည်း သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်တွေက မပြီးနိုင်ဘူးပေါ့။ တခါတလေကျပြန်တော့လည်း အမေက ညွှန်ကြားတာ တော်တော်လေး ရှင်းလင်းတယ်၊ ဒါပေမဲ့ ကလေးက လိုက်မလုပ်နိုင်ဘူး၊ ကြောင်နေတယ်၊ ဒါဆိုလည်း မနိုင်ပြန်ဘူး။ အဲ့ဒီပြိုင်ပွဲမှာ အနိုင်ရဖို့က ကလေးရဲ့ အစွမ်းအစနဲ့ အမေဖြစ်သူရဲ့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်၊ အဲဒီ၂ခု အချိုးကျကျ ပေါင်းစပ်နိုင်ဖို့လိုပါတယ်။
ကျွန်တော် လမ်းလျှောက်တတ်စအရွယ်ကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ပထမဆု ရဖူးတယ်၊ အဲဒီပထမဆုက အားကစားနဲ့ပတ်သက်ပြီး ကျွန်တော်ရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးဆုပဲ။ အဲ့ဒီတုန်းက လမ်းလျှောက်တတ်စအရွယ်ကလေးတွေကို ပြိုင်ပွဲလုပ်တယ်၊ ဒိုင်လူကြီးက ခရာမှုတ်လိုက်ပေမဲ့ ဘယ်ကလေးကမှ မပြေးကြဘူး၊ ဒီအရွယ်လေးတွေဆိုတော့လည်း အပြေးပြိုင်ပွဲတွေ ဘာတွေ ဘယ်သိမလဲ၊ အမေနားပဲ ကပ်နေကြတာပေါ့။ အမေတွေကတော့ သားလေး ပြေး၊ သမီးလေး ပြေးလေ ဆိုပြီး အားပေးနေကြတယ်။ ဒါပေမဲ့ ဘယ်ကလေးကမှ မပြေးဘူး၊ ကျွန်တော်လည်း အတူတူပဲ၊ မပြေးဘူး၊ အမေနားမှာပဲ ကပ်နေတယ်။ အဲဒီမှာတင် ကျွန်တော့်အမေက ဖြတ်ခနဲစိတ်ကူးရလိုက်ပြီး ပန်းဝင်ရမဲ့နေရာနားကို အပြေးသွားလိုက်တယ်၊ ပြီးတော့မှ အဲဒီနေရာကနေ ကျွန်တော့ကို လှမ်းခေါ်လိုက်တော့ ကျွန်တော်လည်း ဘာမှန်းညာမှန်းမသိ အမေ့ဆီကို အပြေးသွားလိုက်တာပေါ့။ အဲဒီမှာတင် ပန်းဝင်သွားပြီး ပထမဆုရတော့တာပါပဲ။
ကျွန်တော့်အသိ အန်တီကြီးတစ်ယောက်ကတော့ သူ့သားကို ပညာသိပ်တတ်စေချင်တယ်။ စာမေးပွဲတိုင်းမှာ အဆင့်တစ် ရမှ ကြိုက်တယ်၊ အဆင့်နည်းနည်းကျတာနဲ့ ရိုက်တော့တာပဲ။ ကြီးလာတော့လည်း ဆရာဝန်လိုင်းပဲ လျှောက်ခိုင်းတယ်၊ သူ့သားကတော့ တစ်စက်လေးမှတောင် ၀ါသနာမပါဘူး။ တကယ်တော့ Educate ဆိုတဲ့ စကားလုံးက လက်တင်စကားဖြစ်တဲ့ Educo ကနေ လာတာပါ၊ To educe, to draw out, to develop from within လို့ အဓိပါယ်ရပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ အရည်အသွေးတွေကို အရောင်တင်ပေးခြင်း၊ ဖော်ထုတ်ပေးခြင်းပေါ့။ မိဘအလိုကျ ပုံသွင်းခြင်းကို education လို့ ခေါ်တာ မဟုတ်ပါဘူး။
ရွာတစ်ရွာကိုရောက်တော့ အမျိုးသမီးတစ်ယောက်က ပြောတယ်၊ ကိုယ့်ယောကျာ်းနဲ့ကိုယ်က ကလေး ဘယ်နှယောက်မွေးမွေး ပြဿနာမရှိဘူး၊ ဒီဆေးတွေသောက် ဒီပစ္စည်းတွေသုံးလို့ ရောဂါဖြစ်မှ ပိုက်ဆံကုန်နေပါဦးမယ် တဲ့။ အရင်ကတော့ ဒီလိုတွေကြားလိုက်ရင် စိတ်ထဲသိပ်မရှိဘူး၊ ဒါပေမဲ့ တခြားကလေးတွေ ကျောင်းဝတ်စုံကိုယ်စီနဲ့ ကျောင်းသွားနေကြတာကို လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးရင်း အားကျတဲ့ သိမ်ငယ်တဲ့အကြည့်တွေနဲ့ ငေးကြည့်နေကြရတဲ့ ကလေးတွေ၊ ပိုက်ဆံမပေးမချင်း အနားမှာတွယ်ကပ်နေလို့ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ ဆိုပြီး လူတွေက ပျစ်ပျစ်နှစ်နှစ်ပြောတာကို ခံရတဲ့၊ ဖိနပ်မပါဘဲ အရပ်တကာလည် တောင်းစားနေရတဲ့ ကလေးတွေ၊ သူတို့တွေကို မြင်ရ တွေ့ရဖန်များလာတဲ့အခါမှာတော့ ခုနက စကားသံတွေကို ကျွန်တော် သည်းမခံနိုင်တော့ဘူး၊ စိတ်တွေတိုလာတယ်။ ဒေါသတွေ ထွက်လာတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့သယံဇာတ၊ တိုင်းပြည်ရဲ့ အနာဂတ် တဲ့။ ဒီကလေးတွေကို ကြည့်ရင်းနဲ့ ကျွန်တော် တဖြည်းဖြည်း သံသယ၀င်လာမိတယ်။ ငါတို့မြန်မာပြည် ဒီအတိုင်းသာဆက်သွားရင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အာရှကျားတစ်ကောင် ဖြစ်လာနိုင်တယ်ဆိုတာ ဟုတ်ရောဟုတ်ပါ့မလား လို့လေ။
တချို့က ပြောတယ်၊ ကလေးတွေကို မပေးနဲ့၊ အကျင့်ပျက်တယ် တဲ့၊ ပိုက်ဆံဆိုတာ ဒီလိုတောင်းတိုင်း ရပါလား၊ အလကားရတဲ့ အရာပါလားလို့ ထင်သွားမယ် တဲ့။ ဒါဆို မပေးဘဲ နေလိုက်ရင်ရော အကျင့်တွေကောင်းလာကြမှာတဲ့လား။ တောင်းမရရင် ခိုးကြမယ်၊ လုကြမယ်၊ ကော်ရှူပြီး ထွက်ပေါက်ရှာကုန်ကြမယ်။ ကောင်းလာဖို့၊ ငွေတန်ဖိုးတွေ သိလာဖို့ကတော့ မလွယ်ဘူး။ တကယ်တော့ ကလေးဆိုတာ ရွေးချုယ်ခွင့်မရခဲ့ရှာတဲ့သူတွေပါ။ ကံကြမ္မာက ပစ်ချလိုက်တဲ့ ဘ၀မှာပဲ ရှင်သန်နေကြရတဲ့သူတွေပါ။ ဆရာကြီးရွှေဥဒေါင်းပြောသလို ပြောရရင် သူတို့စိတ်လေးတွေမှာ ဆူးတွေပေါက်နေပြီ၊ သူတို့အသက် ဆက်ရှင်သန်နိုင်ဖို့အတွက် ဘာမဆို လုပ်ရမယ်ဆိုတဲ့ အသိက ဘ၀က သင်ပေးထားလိုက်ပြီ။ ဒီလိုအချိန်မှာ သူတို့လိုနေတာ အနိုင်ကျင့်မှုတွေ ၀ိုင်းဝန်းပစ်ပယ်မှုတွေ လှစ်လျူရှုမှုတွေ မဟုတ်ပါဘူး။ သနားညှာတာမှုတွေ ကြင်နာမှုတွေကို သူတို့လိုအပ်နေတာပါ။ ဘယ်အရာမဆို မာနေတဲ့အချိန်မှာ လိုရာပုံသွင်းလို့ မရနိုင်ဘူး၊ ပျော့ပျောင်းနူးညံ့လာအောင် အရင်လုပ်ရတယ်၊ ဒါမှ လိုသလို ပုံသွင်းလို့ရနိုင်တာပါ။
မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးကို နပိုလီယန်က မေးဖူးတယ်၊ ပြင်သစ်လူငယ်တွေ တိုးတက်ဖို့အတွက် အလိုအပ်ဆုံးဟာ ဘာများလဲ တဲ့။ အမျိုးသမီးကြီးက ပြန်ဖြေတယ်၊ မိခင်ကောင်းတွေပါပဲရှင် တဲ့။ စကားတစ်ခွန်းတည်းနဲ့ အားလုံးပြီးပြည့်စုံသွားတာပါပဲလား လို့တောင် နပိုလီယန်က ရေရွတ်မိသွားတယ်။
ပြောကြတယ်၊ ကလေးကောင်းမှ လူကြီးကောင်းမှာ တဲ့။ အဲ့လိုကလေးတွေ ကောင်းဖို့ကလည်း လက်ရှိလူကြီးတွေ ကောင်းမှရပါမယ်။ ကလေးမွေးလိုက်ရုံနဲ့ မိဘဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်မွေးလိုက်တဲ့ ကိုယ့်မျိုးဆက်သစ်ကို ကိုယ့်ထက်မသာတောင် ကိုယ့်အောက်တော့ မကျရအောင် ပြုစုပျိုးထောင်နိုင်မှ မိဘမည်တာပါ၊ လက်ဦးဆရာ ဖြစ်ထိုက်တာပါ၊ နိုင်ငံသား တာဝန်ကျေတာပါ။