
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလထုတ် သရပါမဂ္ဂဇင်းကို မကြာခင်ကမှ ဖတ်ရတယ်။ အဲဒီမှာ ပါမွှားလေးတစ်ခုသွားတွေ့မိတယ်။
အယ်ဒီတာချုပ် မင်းအုပ်စိုးက ပြေတီဦးဖောင်ဒေးရှင်းက အလှူအကြောင်း ထောက်ပြထားတဲ့ “ လှူဒါန်းတတ်ကြပါစေ ” ဆိုတဲ့ စာလေးပေါ့။
ပြေတီဦးပညာရေးဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အလှူငွေ ပေးအပ်တဲပွဲပါ။ နိုင်ငံကျော်မင်းသား၊ မင်းသမီးရဲ့ ပညာရေးအလှူဆိုတော့လည်း မီဒီယာတွေအစုံပါပဲ။ ကင်မရာမီးကလည်း တဖြတ်ဖြတ်ပေါ့။
ထောက်ပံ့ကြေးလက်ခံတဲ့ ကလေးတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးကြပါတယ်။ ကလေးတွေရဲ့ မျက်နှာဟာ မရွှင်လန်းပါဘူး။ တကယ်က ကိုယ်ချစ်တဲ့ မင်းသား၊ မင်းသမီးတွေက ပေးအပ်တဲ့ငွေကြောင့် ပြုံးနေကြရမှာမဟုတ်လား။
အဲဒီနေရာမှာ ကို(ဆရာ)မင်းအုပ်စိုးက ကလေးတွေရဲ့ ခံစားချက်ဖက်က ရေးပြ၊ ထောက်ပြထားပါတယ်။ ကလေးတွေရဲ့ ယူရမယ့်ငွေဟာ သူ့ကိုဂုဏ်ပြုတဲ့ ချီးမြှင့်တဲ့ ဆုကြေးငွေမဟုတ်ဘူးလေ။ မိဘတွေက ဆင်းရဲလွန်းလို့ ကျောင်းမထားပေးနိုင်လို့ ထောက်ပံ့ပေးမယ့် ထောက်ပံ့ကြေးကို ယူနေရတာလေ။
ဒီတော့ လူကြားသူကြား မရှိတာကို ထုတ်ပြနေရတာ ဘယ်မှာလာ ရွှင်လန်းနိုင်ကြပါ့မလဲ။
ကိုယ်က စေတနာနဲ့ ဆောင်ရွက်တာမှန်ပေမယ့်။ တစ်ဘက်လူအတွက်တော့ တွေးကြည့်သင့်ပါတယ်။
လှူဒါန်းတဲ့နေရာမှာလည်း သူများလှူလို့လှူနေရင်တော့ အလှူက ထိရောက်မှုသိပ်ရှိလှမှာ မဟုတ်ပါဘူး။ “ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာ ရွှေမိုးရွာပါစေ ” တဲ့။ ရေကြီးနေပါတယ်ဆိုမှ မိုးကထပ်ရွာနေရင်တော့ ရွာတဲ့မိုးကို ထိုင်ဆဲချင်ဆဲနေမိမှာပဲ။
ဆရာတော်ကြီးတွေဟောသလို ဘယ်ဒကာ၊ ဒကာမကျောင်းလို့ပဲ အမည်တပ်ခံချင်ကြတာ။ ဘယ်ဒကာ၊ ဒကာမရဲ့ ကုဋီလို့အမည်မခံချင်ကြပါဘူး။ လွှဲမှားနေတဲ့ စိတ်ဓာတ်လေးတွေပေါ့။
ဒီစာလေးကိုဖတ်ရတော့ ဆရာမောင်သာချို့ရဲ့ “မိုးကောင်းကင် အစုတ်အပြဲနဲ့လူ အိမ်ခေါ်မလာရ ” ဆိုတဲ့ စာလေးသတိရမိလိုက်ပါတယ်။
ဒီစာလေးမှာက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုက ပျက်စီးနေပြီဖြစ်တဲ့ ခေါင်းမိုးကို ပြန်လည်မမိုးနိုင် ဘူးပေါ့။ ဒါနဲ့ ဆရာမောင်သာချို့ တတ်နိုင်တဲ့သူတွေကိုဒါတွေပြောပြတော့ “ ဆရာချို လူခေါ်မလာနဲ့၊ ငွေပဲ ဆရာချိုလာယူ ”ပါတဲ့။
ဘာလို့လဲဆိုရင် ဒီငွေကြေးကိုလက်ခံမယ့်သူရဲ့ ဂုဏ်သိက္ခာမပွန်းပဲစေချင်လို့ပါတဲ့။ ကြည့် ဘာရယ် မဟုတ်တဲ့ ကိစ္စလေးကအစ တစ်ဘက်သားအပေါ်တွေးပေးနေတာက ကျွန်တော်ထင်တယ် ဒါ ပရဟိတပါပဲ။ ကိုယ့်ကြောင့် သူများမထိခိုက်အောင်နေတာကိုက ပရဟိတပါပဲ။
ဟုတ်တယ် တစ်ခါတစ်လေမှာ ကိုယ်ကဘာရယ်မဟုတ်ပါဘူးလို့ လုပ်လိုက်တဲ့ အရာတစ်ခုဟာ တစ်ဖက်လူအတွက်ကတော့ အများကြီးထိခိုက်သွားနိုင်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ “ ဆင်က သေးပေါက်တာပါ။ ဒါပေမယ့် ပုရွတ်ဆိတ်က ပင်လယ်ကြီးကို ဖြစ်ရော ”တဲ့။
ကျွန်တော်တို့ခရီးသွားရင်း စွန့်ပစ်ခဲ့တဲ့ ရေသန့်ဘူးခွံလေးတွေကလည်း လိုက်လံကောက်နေတဲ့ ကလေးတွေအတွက်၊ မိသားစုအတွက် အနည်းဆုံး မုန့်ဖိုးပဲဖိုးရမှာပါ။
ကျွန်တော်တို့အသုံးမ၀င်တာအမှိုက်ပါပဲ။ အဲဒီအမှိုက်က တစ်ဘက်လူအတွက်တော့ ရွှေဖြစ်ချင်ဖြစ်နေမှာပါ။
ဒါကြောင့် ဘာအကြောင်းပဲဖြစ်ဖြစ်၊ ဘယ်အတွေးပဲဖြစ်ဖြစ်၊ ဘယ်လူပဲဖြစ်ဖြစ် ပါးမွှားလေးပါဆိုပြီး ပြီးစလွယ်မလုပ်လိုက်ကြပါနဲ့။
ပါးမွှားလေးကအစ ပြုစုပျိုးထောင်လိုက်ရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ လူမှုပတ်ဝန်းကျင်တွေအဖြစ် မြင်တွေ့ရမှာပါခင်ဗျာ။
မောင်ပိုင်
၁၈-၆-၂၀၁၃။
— with William Tuntunko and 3 others.၁၈-၆-၂၀၁၃။