ဆေးကျောင်းစတက်ကတည်းက ပေါင်းဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဟိုတစ်နေ့က စကားပြောဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ ကျောင်းသားဘ၀က ကျွန်တော်တို့နှစ်ယောက်သား ပြောခဲ့ စိတ်ကူးယဉ်ခဲ့ကြတာတွေနဲ့ မတူညီတဲ့ လမ်းကြောင်းတွေပေါ်ကို ကိုယ်စီကိုယ်စီ ရောက်နေကြပါပြီ။ လျှောက်ရမဲ့ လမ်းချင်း မတူပေမဲ့ သူ့မှာလည်း သူ့စိန်ခေါ်မှုတွေနဲ့ သူ၊ ကျွန်တော့်မှာလည်း ကျွန်တော့်အခက်အခဲတွေနဲ့ ကျွန်တော် ရှိနေကြပါတယ်။
ဒီနေ့ခေတ်က ယှဉ်ပြိုင်မှုလွန်ကဲတဲ့ခေတ် (Hyper competitive Age) ဆိုတော့ မနေ့က ရှိနေတဲ့နေရာမှာ ဒီနေ့ဆက်ရှိနိုင်ဖို့အတွက် မနေ့ကထက် နှစ်ဆ ပိုကြိုးစားကြရမယ် တဲ့၊ ဒီလောက်ထိ ခေတ်ကြီး မြန်မမြန် မသိပေမဲ့ တော်တော်လေး ကြိုးစားနေကြရတာတော့ သေချာပါတယ်။ အပြောင်းအလဲတွေက အရမ်းမြန်နေတော့ မြန်မြန်ပြောင်းနိုင်တဲ့သူက ရှေ့ပိုရောက်မဲ့ အနေအထားမျိုးပါ။
ဟိုတလောက လူနာတစ်ယောက် ဆေးခန်းကို လာပါတယ်၊ အသက်က ၁၈ ရှိပြီ၊ အိမ်ထောင်တော့ ကျပြီးပြီပေါ့။ ပုံစံလေးက အားငယ်သလို ကြောက်နေသလိုလေး ဖြစ်နေတာနဲ့ ပါးစပ်နဲ့ပြောရင် နားမလည်မှာစိုးလို့ စာရွက်အကူအညီယူပြီး ရှင်းပြ ပြောပြပါတယ်၊ တော်တော်လေး ခရီးရောက်လာလို့ သူ့ကို သတိထားကြည့်လိုက်တော့ သိပ်နားမလည်တဲ့ပုံနေတယ်၊ အဲ့ဒါနဲ့ ညီမလေး နားရောလည်ရဲ့လား၊ ကျွန်တော်ပြောတာ မြန်နေလို့လား လို့ဆိုတော့ မဟုတ်ဘူး ဆရာ၊ သမီးက စာမတတ်ဘူးတဲ့။ ကျွန်တော် အရမ်းကို သနားသွားမိတယ်၊ ထင်မထားတာလည်း ပါတာပေါ့။ စက္ခုအမြင်အတွက် သူ့မှာ မျက်စိနှစ်ဖက် အကောင်းအတိုင်း ရှိနေပေမဲ့ ဉာဏအမြင်အတွက်တော့ သူဟာ မျက်မမြင်ဒုက္ခိတလေးတစ်ယောက်ပေါ့။
မနေ့ကတော့ သားအိမ်ခေါင်းကင်ဆာ လူနာတစ်ယောက် ရောက်လာတယ်၊ အဆင့် ၂ ရှိနေပြီ၊ ယောကျာ်းက ဆိုက်ကားနင်းတယ်၊ ကလေးက ၅ယောက်၊ ရန်ကုန်မှာ တစ်ခေါက်သွားပြကြည့်လိုက်ရုံနဲ့တင် အကြွေးတော်တော်တင်သွားပြီ။ ဆရာလေးရယ် မသိတာကမှ တော်သေးတယ် တဲ့။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေအထား၊ ပြည်သူတွေရဲ့ ၀င်ငွေအဆင့်အတန်းနဲ့က ကင်ဆာဆိုတာဟာ သေမိန့်တစ်ခုလို ဖြစ်နေတုန်းပါပဲ။
ဖျာပုံက အသိ ဆရာမတစ်ယောက်က အလှူလာခံတယ်၊ ဒီနှစ် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်မတက်နိုင်တဲ့ ကျောင်းသားလေးတစ်ယောက်အတွက် ပညာသင်စရိတ် နိုင်သလောက် ထောက်ပံ့ပေးဖို့တဲ့။ ကျွန်တော်တို့တုန်းကတော့ တက္ကသိုလ်တက်ရတော့မယ်လည်းဆိုရော၊ ဖုန်းတွေ ကားတွေကို အရင်စိတ်ကူးခဲ့ကြတာနော်၊ ကျောင်းစရိတ်ဆိုတာ အသိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ မရှိခဲ့ဘူး။
ကျွန်တော်တို့တွေအားလုံးမှာ ဘ၀က ပေးထားတဲ့ ပုစ္ဆာတွေ ကိုယ်စီကိုယ်စီ ရှိကြတယ်၊ တချို့က ဘာအပြစ်မှ မကျူးလွန်ရပါဘဲ သေမိန့်ကျနေတယ်၊ တချို့က အနာဂတ်တွေေ၀၀ါးနေကြတယ်၊ တချို့က အနာဂတ်မပြောနဲ့၊ မနက်ဖြန်တောင် ဘယ်ဆီနေမှန်း မသိဘူး။ တချို့က အသက်ရှင်နေထိုင်ဖို့၊ တချို့က အောင်မြင်ကြီးပွါးဖို့၊ အဲဒီလို ပုစ္ဆာတွေကို အဖြေထုတ်နေကြရတယ်။ တစ်ပုဒ်နဲ့တစ်ပုဒ် မတူတော့ တွက်ရတာချင်းလည်း မတူဘူးပေါ့။
ဘ၀ဆိုတာ တကယ်တော့ ဖဲကစားရသလိုပါပဲ။ ကိုယ့်ဆီကို ဘယ်ဖဲချပ်တွေ ရောက်လာမလဲ ကြိုတင်မသိနိုင်ဘူး၊ ဘယ်ဖဲချပ်တွေတော့ ဝေလိုက်ပါ၊ ဘယ်ဟာတွေတော့ မကြိုက်ဘူး၊ မလာနဲ့ ဆိုပြီး စီစစ်နေလို့ မရသလို၊ အဲဒီရောက်လာတဲ့ ဖဲချပ်တွေကိုလည်း ကောင်း၏ ဆိုး၏ ကြေးများနေလို့ မရပါဘူး။ ရောက်လာသမျှ လက်ခံကြရပါတယ်။ လုပ်လို့ရတာ တစ်ခုတည်း ရှိပါတယ်။ ကိုယ့်ဆီရောက်လာတဲ့ ဖဲချပ်တွေနဲ့ ဒီပွဲမှာ အနိုင်ရအောင် ကိုယ်ဘယ်လိုကစားမလဲ ဆိုတာကို အကောင်းဆုံး ကြိုးစားရှာဖွေဖို့ပါပဲ။
ဘ၀ကို မာရသွန်ပြိုင်ပွဲတစ်ခုလို ခိုင်းနှိုင်းတတ်ကြတယ်။ ဟုတ်တာပေါ့၊ ဘ၀ဆိုတာ သိပ်ကိုရှည်လျားတယ်၊ မျက်လှည့်လည်းဆန်တယ်၊ ဒီနေ့ အောင်မြင်နေတဲ့သူတွေက မနက်ဖြန် အရှုံးသမား ဖြစ်သွားနိုင်တယ်၊ ဒီနေ့မှာ လူတကာရဲ့ ကဲ့ရဲ့ခြင်းကို ခံနေရပေမဲ့လည်း နောင်တစ်ချိန်မှာတော့ အားလုံးရဲ့ လေးစားခြင်းကို ခံရတဲ့သူ ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ခဏတာ အောင်မြင်မှု ရှုံးနိမ့်မှုတွေအပေါ် ခံစားနေဖို့ထက် ရေရှည်အမြင် အနာဂတ်အမြင် ရှိရပါတယ်။ ဒါမှ မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်တဲ့အခါ အောင်ပွဲဆင်နိုင်မှာပါ။ ဘယ်ပြိုင်ပွဲမှာမဆို ယှဉ်ပြိုင်တဲ့ ကစားသမားတွေ ရှိသလို ဒိုင်လူကြီးလည်း ရှိရပါတယ်။ ရည်ရွယ်ချက်ကတော့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးဖို့ပေါ့။ ဘ၀ဆိုတဲ့ ပြိုင်ပွဲမှာတော့ ထူးခြားတယ်ဗျ၊ ဒိုင်လူကြီး မရှိဘူး။ အရှုံးအနိုင်ကို ဘယ်သူကမှ လာမဆုံးဖြတ်ပေးနိုင်ဘူး၊ မင်း နိုင်ပြီ ပြောခံရတိုင်း သာယာနေလို့ မရသလို၊ မင်း ရှုံးသွားပြီဆိုတိုင်းလည်း ဒူးထောက်လိုက်စရာ မလိုပါဘူး၊ တကယ်တော့ ကိုယ့်ဘ၀မှာ ရှုံးနိမ့်မဲ့အချိန်က တစ်ချိန်တည်း ရှိပါတယ်၊ အဲဒါကတော့ ကိုယ်ကိုယ်တိုင်က လက်မြှောက်အရှုံးပေးလိုက်တဲ့ အချိန်ပါပဲ။ ကိုယ်အရှုံးမပေးသရွေ့တော့ ဘယ်သူကမှ ရှုံးပြီလို့ ၀င်ပြောခွင့်မရှိတာဟာ ဘ၀ဆိုတဲ့ ပြိုင်ပွဲပါပဲ။