…………….
“ ငါ့တိုက်ခိုက်သည်
ဖိုးထိုက်စွာသော ကျေးဇူးတည်း။
ငါ့ပုတ်ခတ်သည်
ရာဖြတ်မရသော တန်ဖိုးတည်း။
ငါနှိမ့်ချသည်
လှပစွာသော အားခွန်တည်း။
ငါ့ကို မြှောက်သည်
ဇောက်ထိုး ခုမှ ကျတော့၏ ”
စာအုပ်အဟောင်းတွေကို လှန်လောဖတ်ရင်း မှတ်စုထဲမှာ ကူးယူထားတဲ့ မောင်ယဉ်မှူးရဲ့ “ ကျဆုံးခြင်း” ကဗျာလေးကို ဖတ်မိလိုက်ခြင်းပါ။
ကိုယ့်ကိုလာပြီးတိုက်ခိုက်လေ ကိုယ့်အရည်အသွေးတက်လေ၊ ကိုယ့်ကိုပုတ်ခတ်လေ ကိုယ့်တန်ဖိုး တက်လေမဟုတ်ပါလား။ လူတစ်ဖက်သား စိတ်ဝင်စားစွာ တိုက်ခိုက်လာပြီဆိုကတည်းက ကိုယ်ဟာ အရည်အသွေးတက်လာလို့ပဲ။
တက်လာတဲ့အရည်အသွေးကို သာယာပြီး ကိုယ့်မာနကို မြှောက်မယ်၊ တစ်ဖက်သူကလည်း မြှောက်လာပြီဆိုရင်တော့ ဇောက်ထိုးကျဖို့ နီးလာပါပြီ။
………..
လူတိုင်းနီးနီးကတော့ အမြင့်ပဲတက်ချင်မှာပဲ။ အောက်တော့ကျချင်ကြမှာ မဟုတ်ပါ။
တစ်ချို့ကတော့ အကျကောင်းတွေဖြစ်တတ်ပါတယ်။
တစ်ချိန်တုန်းက အာခေးမီးဒီးဟာ ပန်းတိမ်ဆရာရဲ့ ရွှေခိုးမှုကို ဖော်ထုတ်ဖို့ကြိုးစားခဲ့တယ်။ သရဖူလုပ်တဲ့အခါ ပန်းတိမ်ဆရာက ရွှေအစားငွေကို သုံးခဲ့တယ်။ ဒါပေမယ့် ခိုးပုံက သေသပ်တော့ အာခေးမီးဒီး ရှာမတွေ့နိုင်ဘူးဖြစ်ခဲ့တယ်။
တစ်နေ့မှာ ရေချိုးမယ်လို့ ရေစည်ထဲ စိမ်လိုက်ချိန်မှာ ရေတွေဟာလျှံကျလာတယ်။ သူ့ ကိုယ်ဟာ ရေအောက်ကို နစ်လေလေ ရေကို ပိုလျှံကျလာလေပဲ။
ရေလျှံကျခြင်းကိုတွေ့ပြီး အာခေးမီးဒီးဟာ သိပြီ၊ သိပြီ ဆိုပြီး ၀မ်းသာအားရ ပြေးထွက်သွားသတဲ့။
သူသိလိုက်တာက အရည်တွင်နှစ်သော အရာဝတ္ထု၏ အလေးချိန်သည် အရာဝတ္ထုကဖယ်ထုတ် လိုက်သော အရည်၏ အလေးချိန်နှင့် တူညီသည် ” သိပ်သည်းခြင်းဆိုင်ရာ ဥပဒေသကို သိသွားခဲ့တယ်။
ရေလျှံကျခြင်းဟာ အကျကောင်းဖြစ်ခဲ့တယ်။
သစ်သီးတစ်လုံးကြွေကျမှုအပေါ် ကမ္ဘာမြေရဲ့ ဆွဲအားကို နယူတန်က ဖော်ထုတ်နိုင်ခဲ့တယ်။ သစ်သီးက အကျကောင်းဖြစ်ခဲ့တယ်။
…………
တစ်ခါတုန်းက ဆေးလိပ်၊ ကွမ်းယာဆိုင်မှာ ဆေးလိပ်ညှိဖို့ မီးရှို့ထားတဲ့ အုန်းဆံကြိုးတစ်ကြိုး ရှိပါတယ်။ အဲဒီ အုန်းဆံကြိုးက ပြောတယ် “ ဘယ်အရပ်ကလာတဲ့ ဆေးလိပ်ပဲဖြစ်ဖြစ်၊ ဘယ်လောက် ဈေးကြီးတဲ ဆေးလိပ်ဖြစ်ဖြစ် သူကိုလာညှိရင် သူကလောင်ကျွမ်းပစ်နိုင်တယ် ” လို့ မာနစိတ်က အကြီး အကျယ်တက်နေပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ အုန်းဆံကြိုးဟာ နောက်ဆုံးအချိန်ရောက်နေပါပြီ။ သူ့ရဲ့ ကြိုးအရှည်က တစ်လက်မလောက်ပဲကျန်တော့တယ်။ သူ့မာနကြောင့် သူများကို ဘယ်လိုပဲလောင်ကျွမ်းတယ်ဆိုပါစေ အရင်ဆုံးသူကိုယ်တိုင် လောင်ကျွမ်းရတာကို သတိမထားမိခဲ့ပါဘူး။
နောက်ဆုံးတော့ သူလည်း ပြာဘ၀ကို ရောက်သွားတော့တာပါပဲ။
………..
ကျွန်တော်တို့မြင်နေရတဲ့ ကောင်းကင်ပေါ်ကို အရာဝတ္ထုတစ်ခု တက်သွားပြီဆိုပါစို့။ အဲဒီအရာဝတ္ထုဟာ အမြင့်ကို ရောက်လာလေလေ ကမ္ဘာ့ဆွဲငင်အားနဲ့ ဝေးကွာလာလေပါပဲ။
နောက်ဆုံး စကြ၀ဋ္ဌာထဲရောက်သွားပြီဆိုပါစို့။
ကျွန်တော်တို့ အမြင်မှာတော့ သူဟာ အမြင့်ဆုံးကို တက်သွားနိုင်တယ်။ တက်သွားတယ်လို့ ထင်စရာ၊ မြင်စရာ ဖြစ်ခဲ့တာပါပဲ။ သို့သော် တကယ်တော့ သူဟာ အဆုံးအစမဲ့သော စကြ၀ဋ္ဌာကြီးထဲ လွှင့်စင်ကျသွားရတာပါ။
အမြင့်သို့ ထိုးကျသွားတဲ့ သူဟာ အကျကောင်းခဲ့ပါသလား။ အကျကောင်းတယ်လို့ ပြောနိုင်ပါသလား။
………..
ဥစ္စာကြောင့် မာန်တက်တဲ့နေ့ ဥစ္စာပျက်တဲ့နေ့။
ပညာကြောင့် မာန်တက်တဲ့နေ့ ပညာမဲ့တဲ့နေ့။
ရာထူး၊ ဂုဏ်ကြောင့် မာန်တက်တဲ့နေ့ ဂုဏ်ပျက်တဲ့နေ့။
လောကကြီးမှာ ဘာအတွက်နဲ့မှ မာန်မတက်တဲ့နေ့။
သို့သော် လောကလူသားတွေအဖို့ကတော့ ရာထူးလေးရလာလေ၊ နေရာလေးရလာလေ၊ ဥစ္စာလေး ရလာလေ မာန်တွေက တဆင့်တဆင့် တက်လာလေပါပဲ။
“ မာနက ခေါင်ခိုက်နေတာပဲ ” ဆိုတဲ့စကားကို သဘောကျနေပါသေးတယ်။
မာနတွေ ဂိတ်ဆုံးရောက်လာခြင်းဟာ အုန်းဆံကြိုးလို ကိုယ့်ကိုယ်ကို လောင်ကျွမ်းလိုက်တာပါပဲ။
ဒါ့အပြင် အမြင့်ကိုပိုပိုရောက်လာပြီလို့ ထင်ထားတာတွေဟာ ကျယ်ပြောလာတဲ့ သံသရာထဲကို တစ်စတစ်စ ထိုးကျသွားတာကို မသိလိုက်ပါဘူး။
ကျွန်တော်တို့တတွေဟာ လူသားတွေကောင်းကျိုး၊ မိမိကောင်းကျိုးအတွက် အကျကောင်းအောင် ကြိုးစားရမယ်။ အကျကောင်းဖို့ လုပ်ဆောင်ရမယ်။
ဒီလိုမှမဟုတ်ရင်တော့ အမြင့်ကို ကျွန်တော်တို့ ထိုးကျသွားပါလိမ့်မယ်။

မောင်ပိုင်
၁၁-၇-၂၀၁၃
— with William Tuntunko and 3 others.