September 12, 2011 at 5:59pm
““....လောကအသီးသီးရှိတယ်။ စာပေလောက၊ တပ်မတော်လောက၊ အတွင်းဝန်ရုံးလောက၊ ဂီတလောကစသည်ဖြင့် ရှိကြပေတယ်။ သူ့လောကနဲ့သူ မူပိုင်လက္ခဏာတွေရှိကြ တယ်။ တပ်မတော်ဆိုရင် လွတ်လပ်ရေးအတွက် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ အပိုင်းတုန်းက နေပုံ၊ ထိုင်ပုံ၊ ဆက်ဆံပုံ၊ တိုက်ပုံ၊ အနစ်နာခံပုံ၊ သဘောထားကြီးပုံ၊ ဖြစ်သလို နေတတ်လုပ် တတ်ပုံ၊ ကွက်ကျော်ကိုယ်ကျိုးမကြည့်ဘဲ လုပ်စရာရှိတာ လုပ်သွားတတ်ပုံ၊ ဘာဖြစ်နေနေ အချင်းချင်း နားလည်ပြီး တစ်ဦးကိုတစ်ဦး ရဲဘော်စိတ်နဲ့ ကူညီပုံ၊ တွဲခေါ်သွားပုံ ကလေးတွေဟာ တပ်မတော်ရဲ့ မူလပဋိသန္ဓေစိတ်ပဲ။ မူလ ဥာဉ်ပဲ။ တစ်လတစ်ခါ လစာကို လက်မှတ်ထိုးယူပြီး စားနေ ပေမင့် အဲဒီမူလဥာဉ်ကျတော့ တခြားအစိုးရဌာနတွေရဲ့ မူလဥာဉ်နဲ့ မတူဘူး။ ဒီမူလဥာဉ် မပျောက်သရွေ့ တပ် မတော်သား ပီသတာပဲ။
တပ်မတော် မူပိုင်ဖြစ်တဲ့ သစ္စာတရား ရှိနေတယ်လို့ ခေါ်ရမယ်။ ဒီမူလဥာဉ်ပေါ်မှာပဲ ခေတ်အလျောက် အပြင် ပန်းအမြင် ပုံစံအမျိုးမျိုး ဆောက်တည်သွားရမှာပဲ။ အဲဒီ နေရာမှာ ဒီဥာဉ် ဒီသစ္စာကို ဉာဏ်မျက်စိနဲ့ မမြင်ဘဲ အပေါ် ယံပြထားတဲ့ပုံစံလောက်ကိုသာ ကြည့်ပြီး လျှောက်လုပ်ရင် တော့ မူလသစ္စာတရား ပျောက်သွားပြီလို့ ဆိုရမယ်။ မူလ သစ္စာတရား ပျောက်သွားတဲ့အချိန်ရောက်ရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရတဲ့အပိုင်း မှာ အချိတ်အဆက် ပျက်သွားနိုင်တယ်။ ကိုယ်တော့ဖြင့်အဲဒီ မူလဥာဉ်ကို တွယ်ဖက်ထားတယ်။ မူလဥာဉ် ပျောက် ပျက်လောက်အောင် ပေါ်လာတဲ့ ဘေးအန္တရာယ် အသေး အဖွဲကအစ အကြီးအထိကို ကိုယ်တတ်နိုင်သမျှ ကာကွယ် တယ်။ ပျောက်သွားမှာ နှမြောလွန်းလို့ပါ။ အဲဒီဥာဉ်ကို သံယောဇဉ်တွယ်လို့ တစ်ကြောင်း။ အခက်အခဲတွေ့နေ တုန်း ကိုယ်ရေးကြည့်ပြီး ခွဲမသွားနိုင်ဘူး။ ဘယ်ဘ၀က ပါရ ပါရ အဲဒီ အသိုင်းအ၀ိုင်း အဖွဲ့ထဲမှာပါပြီး လုပ်နေရမှ တာဝန်ကျေတယ်လို့ ယုံတယ်။ ပတ်ဝန်းကျင်နဲ့ လူဆိုတဲ့ သဘောတော့လဲ ရှိပေသပေါ့လေ။ ကိုယ့်စေတနာထား တော့ ကိုယ်ကလဲ ပြန်ထားရတာပဲ။
အဲဒါဟာ မူလဥာဉ်လိုထိန်းပြီး သံယောဇဉ်နဲ့ကို ပေတေ နေပါ့မယ်ဆိုတဲ့ သစ္စာတရား လမ်းကြောင်းကို ချမှတ်လိုက် တာပဲ။ အဲဒီလမ်းကြောင်းထဲက မထွက်မိအောက်လဲ ဘယ် လိုလော်ကဓံနဲ့တွေ့တွေ့ လမ်းကွေ့မသွားအောင် ထိန်း သိမ်းအောင့်အည်းသည်းခံပြီးနေခြင်းဆိုတဲ့ သဘောကို ကျင့်သုံးနေတယ်။ ဒီသစ္စာတရားလမ်းကြောင်းကို ကျင့်သုံး နေတဲ့ လှုပ်ရှားမှုဟာ တပ်မတော်လောကရဲ့ ““အလှ”” ပဲ။
တစ်ချိန်တုန်းက တပ်မတော်ကို လူချစ်တယ်ဆိုတာ အဲဒီ ““အလှ”” ကို ချစ်ကြတာ။ တခြားလောကတွေထက် ထူးခြားတဲ့ ““အလှ”” ပဲ။ ကိုယ်ကလဲ အဲဒါကို ၀ါသနာပါ တော့ ဒီ ““အလှ”” ကို လုပ်နေရတယ်။ လခရတယ်၊ ငွေ ရတယ်ဆိုပေမဲ့ အဲဒီ ““အလှ”” မပါရင် တယ်စိတ်မပါချင်ဘူး။ ငါ ထမင်းနပ်မှန်မှန် စားရရုံ လုပ်နေပါလားဆိုပြီး ကိုယ့်ဘ၀ကို မြင့်မြတ်တယ်လို့ တယ်မထင်ဘူး။ အလကား အချိန်ကုန်နေရသလိုပဲ။
အဲဒီလိုပဲ စာပေလောကမှာလဲ သံယောဇဉ်ညီစရာ ““အလှ”” ကွက်တစ်ခုတော့ ရှိပေလိမ့်မယ်။ အဲဒီ ““အလှ”” ကို မပျောက်အောင် တစ်ဦးချင်း စောင့်ထိန်းဖို့ သစ္စာတရား တစ်ခုတော့ ချမှတ်ရလိမ့်မယ်။ ချမှတ်ပြီးရင်လဲ လက်တွေ့ ကျင့်သုံးကြရလိမ့်မယ်။ အဲဒီသစ္စာတရားတွေကို (အိုင်ဒီး) (အမြင်) ကလေးမှ မရှိဘဲနဲ့ ငွေရပြီးရော၊ လခရ ပြီးရော၊ နာမည်ကြီး ပြီးရော၊ အထက်စီးရရင် ပြီးရော၊ အာဃာတ နဲ့ ပုဂ္ဂလဓိဋ္ဌာန် နှိမ်ရရင်ပြီးရောဆိုတဲ့ အပြင်ပန်းအမြင် ကောင်းတဲ့ ပုံစံကို အနှစ်သာရကြီး သဘောထားပြီး လုပ် နေရင်တော့ လူထုက မေတ္တာပြန်စရာ ““အလှ”” ကွက် ၊ သံယောဇဉ်ညီစရာ ““အလှ”” ကွက်၊ ကြည်ညိုစရာ ““အလှ”” ကွက်၊ တိုင်းပြည်က အားထားလောက်တဲ့ အတွေးအခေါ် ““အလှ”” ကွက် ပျောက်မှာပဲ။ အဲဒီ ““အလှ”” ကွက် မရှိရင် တော့ စာပေလောကမှာ ထမင်းနပ်မှန်မှန် စားနေရရုံ လုပ် နေရသလိုပဲ။ စာပေလောကဟာ ပျက်မှာပဲ။
ဂီတလောကလဲ ဒီသဘောပဲ။ မြန်မာ့အသိုင်းအ၀ိုင်း အတန်းအစားအစုံရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ လေယူ လေသိမ်း၊ အသံ၊ တီးကွက်နဲ့ ရသဂီတ မပါရင် ဂီတ မဟုတ်တော့ဘူး။ ““ဗမာစိတ်”” ၀င်နေအောင် မလုပ်နိုင်ရင် အားမရှိတော့ဘူး။ ဂီတရဲ့ ““အလှ”” မရှိတော့ဘူး။
အစိုးရဌာနကြီးတွေ လောက ကတော့ မူလဥာဉ်ဟာ ထူးထူးခြားခြား ရှိလာခဲ့တာ မဟုတ်ဘူး။ အဆင့်အတန်းနဲ့ အေးအေးဇိမ်နဲ့ လုပ်နေပြီး လခတိုးရဖို့၊ အထက်ကခိုင်းတာ လုပ်ဖို့၊ အစိုးရအမှုထမ်းဥာဉ်ကို အခြေခံတာပါပဲ။ ““အလှ” ကွက်ကို အခုတော့ ထည့်နေတယ် ထင်တယ်။ ဒါပေမဲ့ မူလဥာဉ်ဆိုတာက ဖျောက်ဖို့မလွယ်ဘူး။
ကိုယ့်အနေနဲ့တော့ ““အလှ”” ကွက် မရှိဘဲနဲ့ လစဉ် ၀င်ငွေလေးရရုံလောက်နဲ့ လုပ်ရမှာတော့ သိပ်မလွယ်ဘူး။ စွဲစရာ သစ္စာတို့၊ အလှတို့ မရှိဘဲနဲ့တော့ သိပ်စိတ်မ၀င် စားဘူး။
ဒါကြောင့် တပ်မတော်လောကထဲမှာ နေတာပဲ။ တပ် မတော်ရဲ့ ““အလှ”” ကွက်အပေါ် သံယောဇဉ်လဲ ရှိတယ်။ တပ်မတော် စထောင်ကတည်းက ကိုယ်တိုင်ပါနေတော့ သံယောဇဉ် ပိုရှိတာပေါ့။ ““အလှ”” မပျောက်ဖို့လဲ ကြိုးစား မယ်။ ဒီ ““အလှ”” ကွက်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ ပျောက်မသွားအောင် ထိန်းနိုင်တဲ့အားနဲ့ ပြည့်စုံ တဲ့ အလှလို့လဲ ယုံတယ်။ အဲဒီအလှကို ပူဇော်မယ်၊ ထိန် သိမ်းမယ်ဆိုတဲ့ ““လမ်းပေါ်ကို လျှောက်ပါ့မယ်ဆိုတာဟာ ကိုယ့်ရဲ့ သစ္စာတရားပဲ”” တဲ့။
သားကြီးရဲ့ ဘဘက စာရေးဆရာ မဟုတ်သော်လဲ သူ ယုံကြည်တဲ့ ““သစ္စာတရား”” နဲ့ အလုပ်လုပ်ရာမှာ တာဝန်ယူရာ မှာ စွဲလမ်းစရာ ““အလှ”” အကြောင်းကို ဘွားဘွားနဲ့ ဆွေးနွေး စဉ်အခါမှာ အခုရေးပြတဲ့အတိုင်း ပြောပြခဲ့တယ်။ အဲဒီ ““အလှ”” ဟာ အလုပ်တိုင်း တာဝန်တိုင်းမှာ မရှိကြဘူး။ တစ်ဦးချင်းကြိုက် တဲ့ ““အလှ”” ချင်းလဲ တူချင်မှတူမယ်။ သူ့အဖို့တော့ လူလား မြောက်ကတည်းက အဲဒီအသိုင်းအ၀ိုင်း၊ အဲဒီ ““အလှ”” နဲ့ တွဲပြီး ကြီးလာတာကိုး။ ကြာတော့လဲ စွဲလမ်းနေပါလိမ့်မယ်။