Quantcast
Viewing all articles
Browse latest Browse all 1811

အဟောင်းတွေ သယ်မှာလား… အကောင်းတွေ ဖလှယ်မှာလား


 ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အကြီးမားဆုံးဖြစ်သော ရှစ်လေးလုံး လူထုလှုပ်ရှားအုံကြွမှုကြီး ဖြစ်ပွားခဲ့ သည်မှာ ၂၅ နှစ် ပြည့်မြောက်ခဲ့လေပြီ။ ၂၅ နှစ် ဆိုသော အချိန်ကာလမှာ လူ့မျိုးဆက်တခု ပိုင်းခြားသတ်မှတ် ရန် လုံလောက်သော ကြာမြင့်မှုဖြစ်၏။


Image may be NSFW.
Clik here to view.
ယခုအခါ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ကာ ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည် အခမ်းအနားကြီးကို အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားမည် ဟူသော အသံများ ထွက်ပေါ်နေသည်။ စီစဉ်ပြင်ဆင်မှုများလည်း ရှိနေ၏။ ဝမ်းမြောက် ဝမ်းသာ အားတက်စရာ အဖြစ် ဂုဏ်ယူမိပါသည်။ ထို့ထက်ပို၍ ရည်မှန်းချက်အတိုင်း အထမြောက် အောင်မြင်စွာ ကျင်းပသွားနိုင်ဖို့လည်း ဆုတောင်းနေမိပါသည်။

အမှန်ဆိုရလျှင် ပြီးခဲ့သော ၂၄ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့အထိ ကြားသိ ဖတ်မှတ် ခဲ့ရသော ပြောဆိုချက် ဆွေးနွေးငြင်းခုံချက် အများစုမှာ ဥဒါန်းမကြေ ရာဇဝင်ထဲတွင် စီးမျောနစ်ဝင်နေဆဲ။ ပိုပြီး ဝမ်းနည်းဖွယ် ကောင်းရသည်က လူငယ်ထုအတွင်း အပြန်အလှန် စွပ်စွဲငြင်းခုံမှုများစွာ ရှိနေခြင်းပင်။ ပြေပြေပြစ်ပြစ်နှင့် ဆင်ခြင်တုံတရားရှိစွာ ဆွေးနွေးငြင်းခုံသူတွေရှိသလို ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာ တဖက်ကိုစွပ်စွဲ အနိုင်ယူ ပြောဆိုရေးသားမှုတွေ အများအပြား တွေ့ရှိခဲ့ရသည်။ အလွန်အကျွံ ရမ်းကားမှုတွေ နှစ်ဘက်စလုံးမှာ တွေ့ခဲ့ရသည်။ ထိုအချိန်တွင် မည်သူတွေ ကြိတ်ပြီးဝမ်းသာနေကြမည်နည်း..?

သတိထား ပြန်တွေးကြည့်ပါက ရှစ်လေးလုံး ကာလတုန်းက အသက် ၄ နှစ် ၅ နှစ်အရွယ် လူမမယ်တွေမှာ ယနေ့ အချိန်တွင် အသက် ၂၉-၃၀ လူလတ်ပိုင်းတွေ ဖြစ်နေကြပေပြီ။ အိမ်ထောင်ပြုသူတွေအဖို့ မိမိတို့ မွေးဖွားသော သားသမီးများပင် အသက် ၅ နှစ် ပတ်ဝန်းကျင် ရှိနေကြပြီ။ အတတ်ပညာ ရာထူးအဆင့်အတန်း အနေနှင့် တွက်စစ်ကြည့်ပါကလည်း တက္ကသိုလ် ကောလိပ် တက်ရောက်ခဲ့သူများအနေဖြင့် ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်ရောက် နေကြသလို တပ်မတော် စစ်တက္ကသိုလ် ကောလိပ် အသီးသီးမှာ တက်ရောက်ခဲ့ သူများသည်လည်း သက်ဆိုင်ရာ ရာထူးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြ၏။ စစ်တက္ကသိုလ်ဆင်း ဗိုလ်လောင်းများ ဆိုလျှင် ဗိုလ်မှူးအဆင့်ရှိ တပ်မတော် အရာရှိများ ဖြစ်နေကြပြီ။ ထိုကာလတုန်းက အလယ်တန်း အထက်တန်း ကျောင်းတက်နေသူတွေမှာ ယခုအခါ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး အဆင့်များသို့ ရောက်ရှိနေလောက်ပြီ။ သူတို့အားလုံး ရှစ်ဆယ့်ရှစ်မှာ ကျောင်းသားသူငယ်များသာ ဖြစ်ခဲ့ကြ၏။

Image may be NSFW.
Clik here to view.
သမိုင်းဟူသည်က မျက်နှာစာပေါင်းစုံဖြင့် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတွေ ဖြတ်သန်းခဲ့ရသည့် ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်သဖြင့် ခေတ်ကာတခု၏ သမိုင်းကို အပြည့်အစုံ နားလည်သဘောပေါက်ရန် ဆိုသည်မှာ လွယ်ကူသည့် ကိစ္စရပ်တခု မဟုတ်ဟု ဆိုချင်ပါသည်။ လူ့အဖွဲ့အစည်းတခုမှာ လူတန်းစား လူ့အလွှာပေါင်းစုံ ပါဝင်ဖွဲ့စည်းထား၏။ ပုံမှန် သမရိုးကျ လူ့အဖွဲ့အစည်းတရပ်မှာ အုပ်စိုးသူနှင့် အုပ်စိုးခံ ပြည်သူလူထုအကြား အနည်းနှင့်အများ ပဋိပက္ခတွေ သေချာပေါက် ရှိသည်။ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြောက်သော စနစ်မှာပင် အုပ်စိုးသူသည် အုပ်စိုးသူသာ ဖြစ်သည်။ တိုင်းပြည်အရေးအရာများနှင့် ပတ်သက်ပြီး စီမံခန့်ခွဲ ပိုင်ခွင့်အများစုက သူတို့လက်ထဲမှာဖြစ်သည်။ သူတို့၏ စီမံခန့်ခွဲမှု လွဲမှားခြင်း၊ အဂတိ လိုက်စားခြင်းတွေ ဖြစ်ပေါ်လာသည့်အခါ ပြည်သူလူထုက ထောက်ပြဝေဖန်သည်။ ထောက်ပြဝေဖန်မှုကို အစိုးရဘက်က မလိုက်နာ မပြင်ဆင်သည့်အခါမှ ထို့ထက်ပြင်းထန်သော လှုပ်ရှားမှုများဖြင့် တုန့်ပြန်ဆောင်ရွက်လာကြသည်မှာ  ဓမ္မတာ သဘောဖြစ်ပေသည်။ အုပ်စိုးသော အစိုးရပုံစံကို လိုက်၍ ကိုင်တွယ်ဖြေရှင်းနည်းတော့ ကွဲပြားပေလိမ့် မည်။

ဥပမာ လယ်ယာမြေနှင့် ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှုတွေ ရင်ဆိုင်ရလျှင် လယ်သမားတွေ မကျေမနပ်ဖြစ်မည်။ လုပ်ခခေါင်းပုံဖြတ်ခံရလျှင် အလုပ်သမားတွေ ဆန္ဒပြမည်။ ပညာရေးလွတ်လပ်ခွင့် ထိပါးလာလျှင် ကျောင်းသား တွေ အရေးဆိုမည်။ ထို့အတူ လူမျိုးစုအခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်.. စသည် စသည် အတူတူပင် ဖြစ်လေသည်။  တိုင်းတပါး နယ်ချဲ့အုပ်စိုးမှုအောက် ကျရောက်သည့်အခါတွင်တော့ ခုခံတွန်းလှန် ပစ်ဖို့အတွက်  လူ့အဖွဲ့အစည်းဝင်အားလုံး စည်းလုံးညီညွှတ်ကြရသည်။

သမိုင်းဖြစ်ရပ်တခုကို မသိမမီလိုက်သူတွေ မဆိုထားနှင့် ထိုကာလမှာ ကိုယ်တိုင် ပါဝင် ဖြတ်သန်းခဲ့ရသူများပင် ၄င်းတို့ ပါဝင်ခဲ့ရသော အခန်းကဏ္ဍနှင့် လေ့လာလိုက်စားမှု နယ်ပယ် အတိုင်းအတာအရသာလျှင် သိမြင် နားလည်နိုင်ကြပေလိမ့်မည်။ ထို့အပြင် သမိုင်းဖြစ်ရပ်တခုနှင့် ပတ်သက်ပြီး ကောက်ချက်ချမှုတွေ အကွဲကွဲ အပြားပြားဖြစ်ကာ အချင်းချင်း ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပေါ်တတ်သည့်သဘောအား  အတိတ်ဖြစ်ရပ် များကို ထောက်ဆ ကြည့်နိုင်ပါသည်။ ထိုကဲ့သို့သော အကွဲအပြဲ သဘောကွဲလွဲမှုများက လူ့အဖွဲ့အစည်း ဂုတ်ပေါ်ခွစီးဖို့ အခွင့်ကောင်း စောင့်ဆိုင်းနေသူ အာဏာရှင်အား လက်ယပ်ခေါ် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ရသည်။

မြန်မာပြည် လွတ်လပ်ရေးရယူမှုနှင့် ပတ်သက်ပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့သော အမျိုးသား အင်အားစုများအတွင်း အမြင်သဘောထားကွဲလွဲမှုကို အခြေခံကာ ပြည်တွင်းစစ် စတင်ဖြစ်ခဲ့ရသည်။ ဖြစ်ပြီ ဆိုတော့ အင်အားကြီးသူက အစိုးရ…. အင်အားငယ်သူက သူပုန်။ တပါတည်း လူမျိုးစုအရေးတွေလည်း မပြေ မလည်ဖြစ်ကာ စစ်အရှိန်အဟုန် မြင့်မားလာခဲ့ပြီး အခြေအနေတွေက ရှင်းမပြီးအောင် ရှုပ်ထွေးနေဆဲ ဖြစ်သည်။ ယခုအချိန်မှာ ပြည်တွင်းစစ်ကို ဦးဆောင်တိုက်ခိုက်နေသော အင်အားစုအသီးသီး၏ ခေါင်းဆောင်ဖြစ်သူတို့မှာ ပြည်တွင်းစစ် စတင်ပြီးနောက်ပိုင်းမှ လူဖြစ်လာသူတွေ များပေမည်။ သူတို့က ရှေ့လူတွေပေးခဲ့သော သမိုင်း အထောက်အထားများကို ကိုင်စွဲကာ တိုက်ပွဲဝင်နေကြခြင်းဖြစ်၏။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ဒဏ်ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုဘဝမှာ ရစရာမရှိအောင် ဆင်းရဲမွဲတေနေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရ ပေပြီ။  

ဤမျှ ရှည်ကြာလှသော ပြည်တွင်းစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ကြသော အဖွဲ့အသီးသီးမှ မရေမတွက်နိုင်သော စစ်သည်တော်တွေ အသက်ခန္ဓာ ကြွေခဲ့ရသည်။ အပြစ်မဲ့ပြည်သူတွေ ဆောက်တည်ရာမဲ့ ဘဝပျက်ကြရသည်။ တိုင်ပြည်ထူထောင်နိုင်သော ပြည်သူ့ဘဏ္ဍာများစွာ မီးရှို့ပစ်သလို ပျောက်ပျက်သွား ခဲ့ရသည်။ ရင်းစားပြန်မရ နိုင်သော ဆုံးရှုံးမှုများ ပင်တည်း။ နောက်ထပ် ထိုကဲ့သို့ ဆုံးရှုံးနစ်နာလိုက်ပါက တိုင်းပြည် ဘယ်တော့မှ နာလန် ထူနိုင် တော့မည်မဟုတ်။ ဝမ်းနည်းဖွယ် ကောင်းလေစွ။

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရှစ်လေးလုံး လူထုအုံကြွမှုကြီးမှာ တိုင်းပြည် အထွေထွေအကျပ်အတည်းကြီး ဆိုက်ရောက်ချိန်မှာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် မဆလအစိုးရ၏ အယောင်ပြ ဆိုရှယ်လစ်စီမံကိန်း များ ဆက်တိုက်မအောင်မြင်မှု နှင့် ပြည်သူလူထုအပေါ် ဖိနှိပ်မှု ဝန်ထုပ်ဝန်ပိုးများ အဆုံးစွန်ဆိုးဝါးနေချိန်မှာ အုပ်စိုးသူများဘက်မှ ဖြေလျော့မှုမဟုတ်သော အပြောင်းအလဲလုပ်ရန် အားထုတ်ခဲ့သည်ဟု မဆလ ပါတီ အတွင်းကရော ပြင်ပအသိုင်းအဝိုင်းကပါ ရေးသားတာတွေ ဖတ်ခဲ့ရသည်။

ထိုကဲ့သို့ အခြေအနေ အကဲဆတ်နေချိန်တွင် တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သော ပြဿနာရပ်တချို့နှင့် ပတ်သက်ပြီး အစိုးရက တဘက်သတ် ကိုင်တွယ်ဖြေရှင်းမှုကြောင့် အဓိကရုဏ်းများ ပိုမိုပြင်းထန် လာခြင်းဖြစ်သည်ဟု ဆိုချင်သည်။ ထိုစဉ်က အာဏာအရှိဆုံးပုဂ္ဂိုလ် ဦးနေဝင်း မဆလ ခေတ်တလျှောက် ထင်ရာစိုင်းခဲ့မှုများ၏ ရလဒ်ဆိုးကျိုးများသည် ကြီးမားသော အခန်းကဏ္ဍအဖြစ် ပါဝင်ခဲ့မည်ဟု ယူဆမိသည်။  ဦးနေဝင်းက မဆလပါတီ အတွင်းမှ အချို့သော ကျွမ်းကျင်ပညာရှင်များ၏ ထောက်ပြဝေဖန်မှုများကို မျက်ကွယ်ပြုခဲ့သည့် အပြင် သူကိုယ်တိုင် ခန့်အပ်ခဲ့သော အဖွဲ့ပေါင်းစုံမှ နိုင်ငံရေးသမားဟောင်းကြီးများပါဝင်သည့် (၃၃) ဦး အကြံပေး ကော်မတီကိုလည်း ဖုတ်လေသည်ငါးပိ မသိယောင်ဆောင်ကာ လစ်လျူရှုခဲ့၏။

Image may be NSFW.
Clik here to view.
တိုင်းပြည်အခြေအနေ မရှူနိုင်မကယ်နိုင် အကျပ်အတည်း ဆိုက်သည့်အခါပင်လျှင် ထွက်ပေါက်ရှာရာမှာ တိုင်းပြည်မျက်နှာမကြည့်ဘဲ သူတို့ ဂုဏ်သိက္ခာ မကျဆင်းရေးနှင့် အထက်စီးမှနေရာယူသော  ဆန္ဒနှင့်အပြုအမူများကြောင့် တိုင်းပြည်နှင့် လူထု များစွာနစ်နာခဲ့ရသည်။ ဗီယက်နမ်ကဲ့သို့ အပြောင်းအလဲ လုပ်နိုင်ခဲ့ လျှင်တောင် မြန်မာပြည်သူတွေ ယနေ့အထိကြုံတွေ့ခံစားနေရသော ရေရှည်ဆိုးကျိုးရလဒ်တွေ ဖြစ်ပေါ်ခဲ့ မည်မထင်။ တိုင်းပြည်အခြေအနေမှန်ကို ဝန်ခံပြီး သင့်လျော်သော ဖြေလျော့မှုများနှင့် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်မှုများကို သေချာလုပ်နိုင်ခဲ့လျှင် တပ်ကိုအာဏာလွှဲပြောင်းပေးရသည့် ဖြစ်ရပ်မျိုးကိုလည်း ရှောင်ရှား နိုင်ခဲ့မည်ဟု တွေးမိ၏။  တိုင်းပြည်တခု၏ အခြေအနေ ဆုတ်ယုတ်နိမ့်ကျမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်စီမံပိုင်ခွင့် ရှိသော အာဏာရ အစိုးရမှာ အဓိကတာဝန်ရှိပေသည်။ အခြားအကြောင်းပြချက်များဖြင့် အပြစ်ရှောင်လွှဲခြင်းမှာ မခိုင်လုံသော ဆင်ခြေဆင်လက်များသာ ဖြစ်ပေလိမ့်မည်။ ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ယင်းကဲ့သို့ ပျက်ကွက်ခဲ့မှုကို အသိအမှတ်ပြုဝန်ခံဖို့ လိုသည်။   

မည်သို့ပင်ဖြစ်စေ အတိတ်က အနာတွေ ခံစားချက်တွေ လူတိုင်းရင်ထဲမှာ ရှိနေမှာ အမှန်ဖြစ်သည်။ သို့ရာတွင် ၂၅ နှစ်တာ အတွေ့အကြုံကို လက်တွေ့ကျကျသုံးသပ်မှုပြုပြီး လက်ရှိအခြေအနေမှာ အကောင်းဆုံးအသုံးချ နိုင်ဖို့ တိုက်တွန်းလိုပါသည်။  ယခု ငွေရတုကာလမှာ လစ်ဟာပျောက်ဆုံးဝေဝါးနေဆဲဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားကြသည်မှာ လွန်စွာလျော်ကန် သင့်မြတ်မှု ရှိပေသည်။ ရှစ်လေးလုံးကာလတွင် လူမမယ် ဘဝဖြင့်သိမှီခဲ့သူများ ယနေ့အခါ လူလတ်ပိုင်း အရွယ်ဖြင့် လူ့အဖွဲ့အစည်း၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို ယူနေကြရပြီ။ သူတို့အားလုံး လက်ရှိသမိုင်းကို တွန်းအားပေးမောင်းနှင်နေကြပြီး အတိတ်သမိုင်းမှာ စွန်းထင်းခဲ့သူတွေ မဟုတ်ကြ။  သို့ရာတွင် နောင် ၂၅ နှစ် အကြာတွင် သူတို့သည် တိုင်းပြည်ကို စီမံအုပ်ချုပ်သော လူကြီးများအဖြစ်ကို ရောက်ရှိပေတော့မည်။ ထို့ကြောင့် ယနေ့အချိန်မှာ သူတို့ အချင်းချင်း  ဆက်ဆံရေးအနေအထားက နောင်အနှစ် ၂၀ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ်ပုံဖော်စေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

တခါက ကျနော်တင်သော ပို့စ်တခုအောက်မှာ ‘ဓမ္မ၊ အဓမ္မ’ စာလုံးအကောက်အယူများနှင့် ပတ်သက်ပြီး  လူရွယ် နှစ်ဦး အပြန်အလှန်ဆွေးနွေးကြဖူးသည်။ နှစ်ဦးလုံးက ပုဂ္ဂလိက ခံစားချက်ကင်းကင်းနှင့် မိမိ လေ့လာသိရှိထားသော သဘောထားအမြင်ကို ညင်ညင်သာသာ သေသေသပ်သပ်လေး ဆွေးနွေးသွားနိုင် တာကိုတွေ့လိုက်ရလို့ တအံ့တသြဖြစ်ခဲ့ရသည်။ သူတို့ နှစ်ဦးရဲ့အသက်တွေက ၂၇-၂၈ နှစ် အရွယ် မတိမ်းမယိမ်းတွေ ဖြစ်ကြသည်။ တဦးက တပ်မတော် အရာရှိဖြစ်ပြီး နောက်တဦးက နိုင်ငံရေးလှုပ်ရှားမှုဖြင့် အကျဉ်းထောင်က လွတ်မြောက်လာခါစ လူရွယ်။ သူတို့ နှစ်ဦးအကြားမှာ အမြင်ကွဲလွဲမှု ရှိနေလင့်ကစား အမုန်းတရားမရှိ၊ ပကတိအခြေအနေကို ဖမ်းဆုပ်နိုင်ဖို့ရည်သန်ရင်း အမြင်ဖလှယ်သွားကြတာကို  လေးစား မြတ်နိုးမိသည်။ ထိုကဲ့သို့ တဦးချင်း နားလည်မှုရှိရှိ အပြန်အလှန်ဆွေးနွေးငြင်းခုံသော ဆက်ဆံရေးစက်ဝန်း အပြန့်ကျယ်လာလျှင် သိပ်ကောင်းမှာပဲဟု အတွေးပေါက်ခဲ့၏။   

Image may be NSFW.
Clik here to view.
ယခုအချိန်မှာ သူတို့ချင်း သံသယကင်းသော နားလည်မှုနှင့် ခိုင်မြဲသော ယုံကြည်မှုတို့ကို အပြီးသတ် တည်ဆောက် နိုင်ကြမည် ဆိုလျှင် နောင်လာမယ့်မျိုးဆက်အတွက် မင်္ဂလာရှိသော ရလဒ်တခုကို လက်ဆင့်ကမ်း ပေါင်းကူးတံတား ခင်းပေးနိုင်မှာ သေချာ၏။

အချုပ်ဆိုရသော်  အတိတ်ကလုပ်ရပ်နဲ့ အဖြစ်အပျက်တွေက ထွက်ပေါ်လာသော အကျိုးဆက်တွေ ပစ္စုပ္ပန်မှာ လာရိုက်ခတ်သည်။ ထို့အတူ လက်ရှိ လုပ်ဆောင်ချက်နှင့် ဖြစ်ရပ်များသည်လည်း အနာဂတ်ကို သက်ရောက်မှု ရှိမှာဖြစ်သည်။ လမ်းဟောင်းအတိုင်း ဆက်လျှောက်မှာလား လမ်းသစ်ဖောက်ကြမှာလား ဆိုသော ရွေးချယ်ချက် မှာ ယနေ့လူငယ်လူရွယ်တို့ လက်ထဲမှာပင်ရှိနေသည်။ လူကြီးတွေအတွက် အချိန်သိပ်မကျန်တော့။  

အရှိန်ပြင်းပြင်းဖြင့် ပြောင်းလဲတိုးတက်နေသော ကမ္ဘာ့ဖြစ်စဉ်ကြီးအတွင်း အမီလိုက်နိုင်ဖို့မှာ လူငယ်လူရွှယ် အားလုံး၏ လုံ့လထုတ်ကြိုးပမ်းနိုင်မှုအပေါ်တွင်သာ မူတည်နေကြောင်း ရေးသားတိုက်တွန်း အပ်ပါသည်။  

နေမင်းသူ
၂၇-၇-၂၀၁၃

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...