Quantcast
Viewing all articles
Browse latest Browse all 1811

နှလုံးသားထဲရန်ဖြစ်နေတဲ့ ကြောင်နှင့်ကြွက်



ကျွန်တော်တို့ အိမ်မှာ ဗိုလ်တစ်ယောက်ရှိပါတယ်။
ဗိုလ်ဆိုတဲ့အတိုင်း အရာရာသူ့ကိုပဲ ဦးစားပေးရတယ်လေ။ သူ့စိတ်ကြိုက်ပဲ လိုက်လုပ်နေရတာ။
ခုလည်းကြည့် အဖေ၊ အမေက သူကြည့်နေတဲ့ ကြောင်နဲ့ကြွက်ကားကို လိုက်ကြည့်နေရတယ်။
ဇာတ်ကားက နေ့တိုင်းကြည့်ရလို့ အခန်းတွေတောင် အလွတ်ရနေပြီ။ ဒါလည်းကြည့်တုန်းပဲ။
ကြောင်နဲ့ ကြွက်ကားကြည့်ရင်း ကျွန်တော်စဉ်စားမိလာတယ်။ ကြည့်နေတဲ့ ဇာတ်ကားတော်တော် များများမှာ ကြွက်ကပဲ ပြဿနာ သွားသွားရှာနေတာ။
ဒါကို မကျေနပ်လို့ ကြောင်က လိုက်လုပ်နေတော့ အမှားမှားအယွင်းယွင်းနဲ့ သူပဲခံနေရတာလေ။
ဒါကတော့ ကြည့်နေသူတွေတော့ ရယ်စရာဖြစ်နေတာပေါ့နော်။
ကြည့်စမ်း ဘ၀တွေ ဘ၀တွေထဲမှာရော ကြောင်နဲ့ကြွက်တွေအများကြီးပဲ။ ကိုယ့်စီကိုယ်လာလာ တက်နေတဲ့ ပြဿနာကို လိုက်လိုက်ရှင်းရင်း ကိုယ်ပဲခံရတာတွေအများကြီး။ ဒီအချိန်မှာ ဘေးလူက ရယ်ချင်ရယ် နေနိုင်ပေမယ့် ခံရတဲ့ကိုယ်ကတော့ မချိမဆန့်မဟုတ်လား။
ကျွန်တော် ကြောင်ကိုတောင် သနားလာမိတယ်။ ဘာလို့လဲ ဆိုရင် ကျွန်တော် ရုန်းကန်လှုပ်ရှားနေရတဲ့ အခြေအနေတွေနဲ့ တူနေလို့ဖြစ်နိုင်ပါတယ်။
…………….
တစ်ခါတုန်းက တပ်တစ်တပ်မှာ ဖြစ်ခဲ့တာလေး သတိရမိတယ်။ အသက်ကြီးကြီး ဆရာကြီးတစ်ဦးက လမ်းဘေး အုတ်ခုံမှာ ဆေးလိပ်ထိုင်ဖွာရင်း ရေဒီယိုလေးနားထောင်ပြီးနေတယ်။ ဒီအချိန်မှာ တပ်ရင်းမှူးက ကားနဲ့ဖြတ်သွားပါရော။ သူက ကားကျော်သွားပြီးမှ တပ်ရင်းမှူး ကားမှန်းသိလိုက်ရတယ်။
နောက်နေ့ကျတော့ အဲဒီဆရာကြီးကို သတင်းပို့ခေါ်ပြီး တပ်ရင်းမှူးကားဖြတ်သွားတာကို အလေးမပြုလို့ အပြစ်ပေးပါတယ်။ ဒီတော့ ဆရာကြီးက ပြောပါတယ်။
“ ဘစီနော် ဘစီ။ လမ်းဘေးမှာ ဆေးလိပ်ထိုင်ဖွာနေတယ်။ ရေဒီယိုနားထောင်နေတယ်။ ဒါပေမယ့် ပြဿနာက ဘစီ စီကိုလာတယ်နော် ” တဲ့။
သြော် တစ်ခါတစ်ခါ အိမ်ထဲနေရင်း ကားတိုက်ခံရတာတို့။ လမ်းလျှောက်ရင်း သစ်ကိုင်းကျိုးကျလို့ ထိပ်ပေါ် ကျရတာတို့က လူ့လောကမှာတော့ မစမ်းလှတော့ပါဘူး။
ပြဿနာဆိုတာကတော့ ကိုယ့်စီကို တနည်းနည်းတော့လာနေတာပါပဲ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ။ ကိုင် တွယ်မလဲဆိုတာတော့ ကိုယ့်ရဲ့ အားပြိုင်မှုပါပဲ။
ပြဿနာတွေကို လိုက်ရှင်းရင်း ထပ်တိုးပြဿနာတွေ မဖြစ်ဖို့ကလည်း အရေးကြီးနေပြန်ပါတယ်။
လက်ရှိအခြေအနေမှာ မြင်တွေ့နေရတဲ့ အရေးအခင်းတွေကိုကြည့်။ ပြဿနာတွေ ၀င်ဝင်လာတယ်။ အဲဒီပြဿနာတွေကို ရှင်းဖို့လုပ်ရင်း ပိုဆိုးတဲ့ ပြဿနာတွေ ဖြစ်ရပြန်တယ်။
……………..
တစ်ခါတုန်းက ထင်းရှူးတောရဲ့ ကွက်လပ်တစ်နေရာမှာ ထင်းရှူးပင်တစ်ပင်ရှိသည်။ ထင်းရှူးပင်ရဲ့ အကိုင်းတစ်ခုမှာ သစ်တုံးတစ်တုံးကို ချည်ထားတဲ့ ကြိုးတစ်ချောင်းရှိသည်။ ထိုကြိုးနဲ့သစ်တုံးက ထင်းရှူးပင်ကြီးမှာ တွဲလောင်းရှိနေပါတယ်။
သစ်တုံးရဲ့ အောက်တည့်တည့်မှာ ပျားရည်တွေထည့်ထားတဲ့ ပုံးတစ်ပုံးကရှိနေပြန်တယ်။
ပျားရည်ပုံးရှိရာကို ၀က်ဝံကလေးသုံးကောင်ကို ခေါင်းဆောင်လာတဲ့ ၀က်ဝံမကြီး မိသားစုလာနေကြပါ တယ်။ ၀က်ဝံမကြီးက ပျားရည်ကို အနံ့ခံပြီး သူ့သားသမီးတွေကို သောက်စေပါတယ်။ ၀က်ဝံကလေးတွေက ခေါင်း ချင်းဆိုင်သောက်တော့ တွဲလောင်းဖြစ်နေတဲ့ သစ်တုံးကို တိုက်မိပါတယ်။
သစ်တုံးက လွှဲသွားပြီး ပြန်လာတော့ ၀က်ဝံပေါက်ကလေးတွေရဲ့ ခေါင်းကို စောင့်မိတယ်။ ဒါကိုမြင်တဲ့ ၀က်ဝံမကြီးက သစ်တုံးကို အားနဲ့ဝေးရာကို လွှဲပစ်လိုက်တယ်။ ၀က်ဝံပေါက်လေးတွေက ပြန်ပြီး ပျားရည်ပုံးထဲကို ခေါင်းနှစ်သောက်ကျပြန်တော့တယ်။
သစ်တုံးက အဝေးကနေပြီး အရှိန်နဲ့ ပြန်လွှဲလာပြီး ၀က်ဝံပေါက်တစ်ကောင်ရဲ့ ကျောကို ရိုက်လိုက်တယ်။ ၀က်ဝံပေါက်ကလေးက နာလို့ အော်ဟစ်ပြီးဘေးကို ထွက်သွားပါတယ်။ ၀က်ဝံမကြီးက ဒေါသ ပိုထွက်လာပြီး အားကုန် သစ်တုံးကို ထပ်ပြီးလွှဲလိုက်ပါတယ်။
ဝက်ဝံပေါက်ကလေးတွေက ပျားရည်သောက်ပြီး ခေါင်းပြန်ထောင်တဲ့အချိန်မှာ အားကုန်လွှဲပစ်လိုက်တဲ့ သစ်တုံးက အရှိန်ပြင်းစွာ ရိုက်ခတ်လိုက်တာ ၀က်ဝံပေါက်လေးတစ်ကောင် သေသွားရှာတော့တာပါပဲ။
……………
အသိဥာဏ်နည်းတဲ့ ၀က်ဝံဆိုတော့ သစ်တုံးကြီးကို ပျားရည်ပုံးပေါ်တည့်တည့် ဘာပြုလို့ တွဲလောင်းဆွဲပြီး ချည်ထားတယ်ဆိုတာ မသိပါဘူး။ သစ်တုံးက ဘယ်လိုဖယ်ပြီး ဘယ်လိုသောက်နိုင်မလဲ ဆိုတာ မသိပါဘူး။
မသိတော့ ဒေါသကြီးပြီး ပြုလုပ်တာနဲ့ သူ့သားသမီးအသက် သေဆုံးရတဲ့အထိ ဖြစ်သွားရှာရတာပါပဲ။
ဘ၀တစ်လျှောက် ရုန်းကန်လှုပ်ရှားနေတဲ့အခါ တစ်ခါတစ်ခါ ကိစ္စရပ်တွေက ခေါင်းအေးအေးထား ဖြေရှင်း လိုက်ရင် ပြီးစီးသွားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ အရင်းအမြစ်မသိပဲ၊ ကိုယ့်ကို ထောင်ချောက်ဆင်လို့ ဆင်မှန်းမသိပဲ ဒေါသတကြီး လက်တုန့်ပြန်တာ၊ ပြုမူတာတွေက ကိုယ်ပြန်ခံစားရတာများပါတယ်
ဖြစ်နေတဲ့ ဖြစ်စဉ်တွေကြည့်ပြန်တော့လဲ ဒေါသတကြီးဖြေရှင်းမှုတွေကြောင့် ဒုက္ခသည်တွေ ပုံပုံလာတာပဲ ဖြစ်နေတာပါ။ ခဏမီးတောက်ငြိမ်းအောင် လုပ်ဆောင်လိုက်နိုင်ပေမယ့် တငွေ့ငွေ့ရှိနေတဲ့ မီးခဲတွေကိုတော့ မငြိမ်းသတ်နိုင်ကြပါဘူး။ ဒါ့ကြောင့်လည်း အစထွက်တာနဲ့ လောင်တော့တာပါပဲ။
…………….
ကျွန်တော် ၀တ္ထုတိုလေးတစ်ပုဒ်ဖတ်ဖူးတယ်။ ကြွက်တွေကို ကြောင်က လိုက်ခုတ်နေတာ။ တစ်နေ့တခြား ကြွက်တွေက ရှောင်လို့မရတော့ သေသေကုန်တယ်။ အင်အားနည်းကုန်တယ်။ ဒါနဲ့ ကြောင်ကို နှိမ်နင်းဖို့ အစည်း အဝေးလုပ်ကြတယ်။
ဒီအစည်းအဝေးမှာ ကြွက်တစ်ကောင်က အကြံဥာဏ်ပေးတယ်။ ကြောင်ကို ချူဆွဲပေးရင် ပိုပြီးသင့်တော် တဲ့အကြောင်းပေါ့။ ဒါမှ ကြောင်လာရင် အဝေးကတည်း ကြားရပြီး ရှောင်တိမ်းလို့ရမယ်တဲ့။ သူ့အကြံဥာဏ်ကို အားလုံးသဘောတူကြတယ်။ အဲဒီမှာ ကြွက်တစ်ကောင်က ထပြီး ပြန်မေးပါတယ်။
အဲဒီကြောင်ကို ဘယ်သူချူဆွဲပေးမလဲတဲ့။
ဒီပြဿနာကို ဘယ်သူမှ မရှင်းနိုင်၊ မလုပ်နိုင်ကြတော့ ကြွက်တွေကတော့ ကြောင်သတ်လို့ သေမြဲသေစဲ ပါပဲ။
………………
ကျွန်တော်တို့တတွေ တစ်နေ့တစ်နေ့ ဘာလုပ်လဲ။
မိုးလင်းကနေ မိုးချုပ် နားကိုမနားရဘူး။ လုပ်ရတဲ့အလုပ်တွေက စိတ်ပန်း၊ လူပန်းပါပဲ။ ဒါဆို ဘာတွေ လုပ်ဖြစ်လို့ဘာတွေရလဲ။ အဲဒါကတော့ …
တကယ်တော့ ပုထုဇဉ်လူသားတွေကတော့ နှစ်မျိုးပဲ လုပ်ပါတယ်။ ကုသိုလ်နဲ့ အကုသိုလ်ပါ။
ကုသိုလ်ရတဲ့ အလုပ်မဟုတ်ရင် အကုသိုလ်ပါပဲ။
ကုသိုလ်နဲ့ အကုသိုလ် ယှဉ်လိုက်ရင် ဘာတွေက ပိုများသလဲ။ အင်း…မေးစရာတောင်လိုမယ်မထင်ဘူး။
ကျွန်တော်မှာလည်း အကုသိုလ်ကြောင်ကြီးက အားကြီးနေလေတော့ ကုသိုလ်အသတ်ကြီးခံနေရတယ်။ ဒီတော့ အကုသိုလ်ကြောင်ကြီးကို ချူဆွဲပေးဖို့လိုပြီ။ နို့မဟုတ်ရင် ခဏခဏ သစ်တုံးရိုက်တာနဲ့ ပျားရည်မသောက်ရပဲ ဘ၀ တုံးသွားပါလိမ့်မယ်။
ဒီတော့ သတိဆိုတဲ့ ချူ မြန်မြန်ဆွဲပေးမှ ဖြစ်တော့မယ်။
………………
ကျွန်တော် ဘယ်အချိန်ကတည်းက အတွေးထဲနစ်မျှောသွားသလဲ မသိပါဘူး။ သတိရလို့ ကြည့်တော့ ကြောင်နဲ့ ကြွက်ကားက မပီးသေးဘူး။ သမီးက နောက်တစ်ခွေထိုးပြီးကြည့်တုန်း။
ကျွန်တော်လည်း ကြောင်နဲ့ကြွက်ကားစီ အကြည့်က ပြန်ရောက်သွားပြန်တယ်။
အမယ် ဒီတစ်ခါကားက သူခိုးတွေ စိန်ခိုးတာကို ကြောင်နဲ့ကြွက်က ပေါင်းပြီး ပြန်ရအောင်လုပ်တာပါလား။ ကြောင်နဲ့ ကြွက်တောင် ချစ်ကြည်ရေးရနေပါလား။
ကျွန်တော့် နှလုံးသားထဲမှာတော့ ကြောင်နဲ့ကြွက်က ရန်ဖြစ်နေတုန်းပါပဲလားခင်ဗျာ။

 
 မောင်ပိုင်
၁၃-၈-၂၀၁၃။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>