Image may be NSFW.
Clik here to view.
အိပ်မက်တွေ တကယ်ဖြစ်လာတဲ့အချိန်၊ ကံဇာတာကောင်းလာတဲ့အချိန်တွေအကြောင်း သတိရမိတော့ အတော်ပျော်စရာကောင်းတာပဲ။ ၂၀၁၀ မှာ မိသားစုလိုက်ကြီး ဘန်ကောက်နဲ့ စင်္ကာပူကို သွားလည်ရတဲ့အချိန်ပေါ့။ တစ်ချို့လူတွေအတွက်တော့ ရယ်စရာကြီးနေမှာပါ။ လတိုင်း အပျင်းပြေဈေးဝယ်ထွက်နေကျဆိုသူများအတွက်တော့ ဒါဟာဆုလာဘ်တစ်ခုဟုတ်မယ်မထင်ပါဘူး။ အနှစ်နှစ် အလလမျှော်မှန်းခဲ့ပြီး ရည်ရွယ်ချက်ပြည့်အောင် အချိန်စောင့်ခဲ့ရ၊ ငွေကြေးစုဆောင်းခဲ့ရတာဆိုတော့ ကိုယ့်အတွက်တော့ မှတ်တိုင်တစ်ခုပါ။
မသွားခင် ဘန်ကောက်က ဟိုတယ်ကို အရင်ချိတ်ရပါတယ်။ အွန်လိုင်းဆိုတော့ လွယ်တာပေါ့လေ။ ကိုယ်တိုင်ပဲ အခန်းရွေး၊ ငွေချေတာကလည်း ကဒ်နဲ့ ဆိုတော့ အေးဆေးပါ။ လွယ်ကူသက်သာလျှင်မြန်တာပေါ့။ လက်ရှိမြန်မာနိုင်ငံက ဟိုတယ်အားလုံးမှာ ဒီလိုဝန်ဆောင်မှုမျိုးရှိထားဖို့လိုမယ်။ ဘဏ်စနစ်တွေကောင်းလာပြီးတဲ့အခါပေါ့လေ။
ဘန်ကောက်လေဆိပ်ကို အရင်ကလည်း ဖြတ်သွားဖြတ်လာပါပဲ။ အခုတစ်ခေါက်မိသားစုနဲ့ဆိုတော့ ပိုကြီးမားပြီး ပိုခန်းနားသလိုပဲ။ လေဆိပ်ထဲမှာတင် ရေတံခွန်အတုနဲ့ ပန်းခြံလေးတွေလည်းရှိတယ်၊ ရိုးရာကနုတ်ပန်းအလှအပရုပ်ထုကြီးတွေနဲ့ တန်ဆာဆင်ထားတဲ့ သန့်ရှင်းလှပလွန်းတဲ့ သီးခြားကမ္ဘာတစ်ခုလို့တောင်ထင်ရတာ။ ဓါတ်ပုံတွေလည်း တွဲရိုက်ကြ။ လာတဲ့ဧည့်သည်တွေကလည်း ဘယ်လောက်များသလဲဆိုတာ လ၀က ကောင်တာ ၁၀ ခုလောက်ဖွင့်ထားတာတောင် လူတန်းကြီးတွေက အရှည်ကြီး။ အနည်းဆုံးတော့ ထောင်ဂဏန်းလောက်ရှိမလားပဲ။ လေယာဉ်ကလည်း တစ်စီးထဲဆိုက်တာ မဟုတ်ဘူးလေ။ လူမျိုးကလည်း မျိုးစုံပဲ။ အနောက်တိုင်းသားတွေကတော့ သူတို့ထုံးစံ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး။ အရှေ့တိုင်းသားအများစုကတော့ အိနြေ္ဒတစ်ခွဲသားနဲ့။ ခပ်တည်တည်နဲ့ ကြားဖြတ်ကျော်တက်နေတဲ့တစ်ယောက်ကို ဗမာလားလို့ ဘုကြည့်ကြည့်မိသေးတယ်။ နောက်တော့ ဗီယက်နမ်လူမျိုး။
အကြာကြီးတန်းစီရတော့ မဟုတ်တာတွေလည်း တွေးမိလာတာပေါ့။ သူတို့ ဒီလောက်ဧည့်သည်များတာ၊ ငါတို့မှာ အိမ်ချင်းကပ်ပြီး ချောက်တီးချောက်ချက်လို့ မနာလိုစိတ်တွေလည်း ပေါ်လာတယ်လေ။ တစ်ခါမှ တိုးရစ် မလုပ်ဖူးတာမို့ မူးကို မြစ်ထင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လ၀က မှာစစ်ခံရတော့လည်း ဗမာပီပီစိုးရိမ်နေသေးတယ်။ ရစ်မလား၊ ကြပ်မလားပေါ့။ ဘာမှမလုပ်ပါဘူး။ စစ်စရာရှိတာစစ်ပြီး လွှတ်လိုက်တာပဲ။
လေဆိပ်ကနေကားငှားတော့ ကားကလည်း အပျံစားပဲ။ တောက်ပသစ်လွင်နေလိုက်တာ၊ အထဲမှာလည်း သန့်ရှင်းနေပြီး အဲကွန်းနဲ့ ဇိမ်ပဲ။ ဘန်ကောက်လမ်းမများဟာ တံတားကြီးတွေအသွယ်သွယ်နဲ့ ခေတ်မီမီ ခန်းခန်းနားနားတည်ဆောက်ထားကြတာ။ ဟိုတယ်ကိုရောက်တော့ ခရီးဦးကြိုပြုပြီးတာနဲ့ အခန်းကို လိုက်ပို့တယ်။ ဈေးသက်သာတဲ့အခန်းကို ယူထားတာဆိုတော့ မျက်နှာစာတန်းတော့ မဟုတ်ဘူးပေါ့။ ပြူတင်းပေါက်ကကြည့်လိုက်ရင် နောက်ဖက်မှာရှိတဲ့ ရေကူးကန်ကို မြင်နေရတယ်။ ဘိုတစ်ချို့ နေပူစာလှုံလို့။ အခန်းက ကျယ်ဝန်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိလှပါတယ်။ 4 stars ဟိုတယ်မှာ နှစ်ယောက်ခန်းတစ်ခန်းကို တစ်ညမှ ဒေါ်လာ ၄၀ ပဲကျသင့်တယ်လေ။ အခုရန်ကုန်က ဟိုတယ်တွေ ဈေးကြီးတယ်ဆိုတာ တကယ် တကယ်။
အဲဒီ ညနေမှာပဲ မြဘုရားကို သွားလည်ကြတယ်။ အ၀င်ဝမှာတင် တင်းကျပ်လိုက်တာ။ ၀တ်ထားတဲ့အကျီက ပေါ်ပေါ်ရော်ရော်မဟုတ်ပေမယ့် လက်ပြတ်ဖြစ်နေလို့ လက်နဲ့အကျီဝတ်မှ ပေးဝင်မှာတဲ့။ ဟောတော့ ဘယ်လိုလုပ်ရမလဲဆိုတော့ အနားမှာရှိတဲ့ဆိုင်က ဆင်ရုပ်တွေပါတဲ့ အကျီတစ်ထည်အပြေးအလွှားဝယ်ရပါတယ်။ ဆင်ကသူတို့အမှတ်တံဆိပ်လေ။ ပုံမှန်ဆိုရင်တော့ မ၀ယ်ပေါင်။ ဈေးကြီးပြီး လှလည်းမလှ။ အဲဒီအကျီကို အပေါ်ကစွပ်ပြီး အ၀င်မှာ ဓါတ်ပုံရိုက်ကြတယ်။ ၂၀၀၃ တုန်းက ပထမဆုံးအခေါက် သူငယ်ချင်းနဲ့လာတုန်းကတော့ လူလည်ကျပြီး ထိုင်းလူမျိုးပုံစံနဲ့ ၀င်သွားကြတာ ၀င်ကြေးမပေးရဘူး။ စကားမပြောရင် ထိုင်းနဲ့မြန်မာ သူတို့မခွဲတတ်တာလက်တွေ့ပဲ။ အခုတော့ မိသားစုလိုက်ကြီးဆိုတော့ သူခိုးကျင့် သူခိုးကြံ ကြံလို့မဖြစ်တာနဲ့ ၀င်ကြေးကို နင့်ကနဲပေးရပါတော့တယ်။
အထဲရောက်တော့ ဖိနပ်ချွတ်ဆိုလို့ ဘိုတွေကအစ အားလုံးဖိနပ်စင်မှာ တန်းစီချွတ်ကြတယ်။ ဖိနပ်မပျောက်ဘူးတော်ရေ့။ စောင့်ကြည့်နေတဲ့လူလည်း တစ်ယောက်မှ မရှိဘူး။ အထဲမှာ ဓါတ်ပုံမရိုက်ရဆိုလို့ မရိုက်ရဘူး။ စည်းကမ်းကိုတော့ အသေကိုင်ထားတာ။ ဘယ်လူမျိုး ဘာကောင်ဖြစ်ဖြစ် တစ်မျိုးထဲပဲ။ တန်ဖိုးဆိုတာ ကိုယ်ကမြှင့်ထားမှ မြင့်နိုင်တာမျိုးလို့ နားလည်မိပါတယ်။ သေသေချာချာ ပူဇော်ထားပြီး ရှေးဟောင်းလက်ရာတွေ ဘယ်လိုပဲ ဆင်ယင်ထားပေမယ့် မြဘုရားဟာ မြတ်ရွှေတိဂုံလောက် ဆွဲဆောင်အားမကောင်းပါဘူး။ ဗိုလ်တစ်ထောင်စေတီတော် အကျယ်အ၀န်းမျိုးလောက်မှာ သပ်ရပ်သန့်ရှင်းမှုကတော့ အများကြီးပိုပါတယ်။ ဒါကြောင့်လည်း Golden land ရယ်လို့ ကျော်ကြားပေတာကိုးလို့ တစ်ချီတည်း နားလည်သွားတယ်။ ကိုယ်အသာရတာလေး ဖိပြောထားမှ။
ဘုရားဖူးပြီးတော့ ကပ်လျက်က ဘုရင့်နန်းတော်ထဲကို ၀င်ကြည့်ကြတယ်။ သပ်ရပ်လှပပေမယ့် သိပ်အထူးခြားကြီးလို့တော့ မခံစားရပါဘူး။ ယဉ်ကျေးမှုချင်း သိပ်နီးနေလို့လားတော့မသိ၊ မြင်နေကျတွေလိုပဲ။ ထိုင်းစစ်သားနှစ်ယောက်နဲ့ ဓါတ်ပုံတွဲရိုက်တာလောက်ပဲ ကိုယ်တွေနဲ့ မတူတာရှိမယ်။
နောက်တစ်နေ့ မနက်မှာ ဟိုတယ်ကကျွေးတဲ့ ဘူဖေးစားကြတယ်။ ထိုင်းစာ၊ ဘိုစာ၊ အိန္ဒိယစာ၊ တရုတ်စာ အမျိုးမျိုးစီစဉ်ပေးထားတဲ့အပြင် အရသာကလည်းကောင်းတယ်။ ကိုယ့်မြေ ကိုယ့်ရေမဟုတ်ပေမယ့် အစားအစာကလည်း အကွာကြီးမဟုတ်ဘူးလေ။ ခရီးသွားရမယ်ဆိုတော့ အပြည့်ဖြည့်ကြတာပေါ့။
သမီးနဲ့ မေမေနဲ့ ပါနေတော့ သူများတွေလို tour ကားနဲ့လိုက်ဖို့၊ ကြုံသလိုသွားဖို့ အဆင်မပြေဘူး။ ထိုင်းမှာက အင်္ဂလိပ်စကားကောင်းကောင်းပြောမရတော့ ဒီဆို ဟိုရောက်ဖြစ်တတ်တယ်လေ။ သူတို့ဆီမှာ အင်္ဂလိပ်ဘာသာစကားအားနည်းတယ်။ သူငယ်ချင်းကတစ်ဆင့် မှာထားတဲ့ တက္ကစီကားရောက်လာတော့ Safari world ကို သွားကြတယ်။ အမှန်အတိုင်းပြောရရင် တစ်သက်မှာ အပျော်ဆုံးခရီးပါပဲ။ ကလေးမပြောနဲ့ လူကြီးတွေတောင် မိုးမမြင် လေမမြင်ပျော်ကြတယ်။ ဒါမျိုးကို ကြုံမှ မကြုံဖူးတာနော်။ တို့တွေ ၃၇ နှစ်မှ ရောက်ဖူးတာကို သမီးက ၄ နှစ်သမီးမှာကြုံဖူးလေခြင်းလို့တောင် လင်မယားနှစ်ယောက်ပြောမိသေးတယ်။
ဝင်ဝင်ချင်းမှာပဲ ကိုယ့်ကားကိုထားခဲ့ပြီး လမ်းလျှောက်ဝင်တဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံးကို အေးမြနေအောင် ပန်ကာလေကို ရေခံပြီးမှုတ်ပေးထားတာ မိုးဖွဲဖွဲလေးတွေလိုပဲ။ နေသာတဲ့နေ့မှာ ခရီးသည်တွေ မပန်းရအောင် စီစဉ်ပေးထားတာ။ ဒီလိုအသေးအဖွဲလေးကအစ ဂရုတစိုက်ရှိတာနော်။ လွတ်လွတ်လပ်လပ်ကျက်စားနေကြတဲ့ တိရိစ္ဆာန်တွေဆိုတာ အုပ်လိုက်ကြီးတွေပဲ။ ကျယ်ပြောတဲ့ လွင်ပြင်ထဲမှာ တစ်မျိုးကို အကောင်တစ်ရာထက်မနည်းတွေ့နေရတယ်။ ရန်ကုန်တိရိစ္တာန်ဥယျာဉ်ဆိုတာ ရယ်တာပေါ့၊ ရယ်တာပေါ့။ ကျားတွေ ခြင်္သေ့တွေကိုလည်း အရိုင်းသဘာဝအတိုင်း လွှတ်ထားတာမို့ ဥယျာဉ်ကစီစဉ်ပေးထားတဲ့ကားနဲ့ လုံခြုံရေးအဆင့်ဆင့်ဖြတ်ပြီး ၀င်ကြရတယ်။ ကျားတွေဟာ ၀ဖြီးစိုပြည်ပြီး လှလိုက်တဲ့အ၀ါရောင်အစင်းကျားကြီးတွေ။ ကိုင်ကြည့်ချင်လောက်အောင်ပဲ။ ကိုယ့်မြို့က ပိန်ခြောက်ခြောက်ကျားလေးတွေကို သတိရမိတယ်။ လူမပြောနဲ့ တိရိစ္တာန်တွေတောင် ကုသိုလ်ကံချင်း ကွာပုံများနော်။
Image may be NSFW.
Clik here to view.![ဒီကျားလေးနို့တိုက်တာလည်း ပိုက်ပိုက်ပေးရတယ်။ ဒီကျားလေးနို့တိုက်တာလည်း ပိုက်ပိုက်ပေးရတယ်။]()
ပြပွဲမျိုးစုံရှိတာမို့ ဘယ်ပွဲတွေကြည့်ကြမလဲလို့ ရွေးကြရတယ်။ မျောက်လက်ဝှေ့ထိုးပွဲထဲကို ရောက်သွားတော့ နိုင်ငံခြားသားဧည့်သည်တွေဆိုတာ အုံးအုံးထနေတာပဲ။ နေရာရဖို့တောင် အတော်ရှာရတာ။ ကျောင်းကနေ အုပ်စုလိုက်လာတဲ့ ထိုင်းကလေးငယ်တွေကိုလည်း ရာနဲ့ချီပြီး တူညီဝတ်စုံတွေနဲ့ တွေ့ရတယ်။ သူတို့သိပ်ပျော်မှာပဲနော်။ ကိုယ်တွေတော့ ဒီလိုတစ်ခါဆို တစ်ခါမှပို့ပေးမယ့်လူ မရှိ။
မျောက်လက်ဝှေ့ပွဲကို ကြည့်ပြီးတော့ ဥယျာဉ်ကတည်ခင်းတဲ့ ဘူဖေးထမင်းကို သွားစားကြတယ်။ ၀င်ကြေးထဲမှာပါပြီးသားလေ။ ထပ်ပေးစရာမလိုဘူး။ နိုင်ငံစုံ လူမျိုးစုံနဲ့ ပြည့်နှက်နေတာ လူ ငါးရာ တစ်ထောင်လောက်ရှိမလားပဲ။ ထမင်းတွေ ဟင်းတွေဆိုတာလည်း အလျှံအပယ်ပဲ။ ကြိုက်ရာယူစား။ လူမျိုးစုံစားနိုင်အောင်ကို စီစဉ်ထားတာ။
Image may be NSFW.
Clik here to view.![]()
ဗိုက်လေးလေးနဲ့ ကောင်းဘွိုင်သေနတ်ပစ်ပွဲ သွားကြည့်ကြသေးတယ်။ ဒါကတော့ မောင်တော်အကြိုက်ပေါ့လေ။ နောက်တစ်ပွဲကတော့ ငါးပြပွဲ။ လင်းပိုင်တွေ ဖျံတွေ နဲ့ ပျော်စရာကြီး။ ဆပ်ကပ်ပုံစံမျိုး။ အဲဒီမှာ ထူးထူးခြားခြား ကြုံရတာက ပွဲမစခင် စောင့်နေကြတဲ့ ပရိသတ်ထဲက အီတာလျံလူမျိုးတွေက အရင်ဆုံး သူတို့ သီချင်းနဲ့ ဂစ်တာလေးတီးလို့ ပျော်ပျော်ရွှင်ရွှင် ကကြ ခုန်ကြတယ်။ အုပ်စုလိုက် ၁၀ ယောက်လောက်ပေါ့လေ။ မြူးကြွနေတဲ့ သီချင်းနဲ့ဆိုတော့ ဘေးက တခြားဧည့်သည်တွေကလည်း စည်းချက်ညီညီလက်ခုပ်တီးလို့ အားပေးကြတယ်။ အီတာလျံတွေလည်းပြီးရော အိန္ဒိယအဖွဲ့ကလည်း အားကျမခံ သူတို့သီချင်းကို ဖွင့်ခိုင်းပြီး ကလိုက်ကြတာ လူ ၃၀ လောက်ရှိမယ်။ အားလုံးဝိုင်းကြည့်နေကြပြီး ပြုံးပျော်နေကြတာ။ သူ့ရိုးရာနဲ့ ကိုယ့်ရိုးရာ ပြိုင်ပွဲတစ်ခုလိုတောင် ထင်ရတယ်။ ခပ်ကြွားကြွားလေးပေါ့လေ။ ကိုယ့်မြန်မာတွေများ ဒီလိုကြွားစရာပေါ်လာရင် ကြွားရဲပါ့မလား၊ ကြွားနိုင်ပါ့မလားနော်။
ညနေစောင်းလို့သာ Safari world က ပြန်ထွက်လာရတယ်။ မပြန်ချင်သေးဘူး။ အခုစာရေးနေတဲ့အချိန်ထိလည်း သွားချင်နေတုန်းပဲ။ ကလေးဆန်တယ်ဆိုချင်ဆို ပျော်ဖို့ကောင်းတာကိုးနော်။ အဲဒီက ဗီဒီယိုအခွေလေးလည်း ၀ယ်လာတယ်။ ဥယျာဉ်တစ်ဝိုက်ရိုက်ထားပြီး ဘယ်လိုပျော်ဖို့ကောင်းကြောင်း ၀င်ကြော်ငြာတဲ့ လူမျိုးစုံထဲမှာ ဗမာစုံတွဲတောင်ပါသေးတယ်။ တကယ်တော့ ကြော်ငြာခွေပါ။ ဒါကိုပဲ ဒေါ်လာ ၁၀ နဲ့ရောင်းတာ ပျော်ပျော်ပါးပါးဝယ်လာပြီး ခဏခဏကြည့်ကြတယ်။ အလွမ်းပြေပေါ့။
Image may be NSFW.
Clik here to view.![]()
နောက်တစ်နေ့မှာတော့ ပတ္တရားကမ်းခြေကို မောင်းကြတယ်။ လမ်းမှာ ဟိုးတောင်အမြင့်ကြီးမှာ ထွင်းထုထားတဲ့ ဘုရားကြီးကို ဖူးရတယ်။ ပြီးတော့ ဆင်ပြပွဲကို ၀င်ကြည့်ကြတာ။ ဆင်တွေကို အသေအချာသင်ပေးထားတာ။ အကောင် ၂၀ လောက်ကို ဟိုဘက်ဒီဘက် စစ်တိုက်တဲ့ပုံစံမျိုး။ ( သူတို့နဲ့ တိုက်တာ ဗေဒင်မမေးနဲ့၊ ဗမာပဲ။) အဲဒီပြပွဲမှာ ဗမာဘက်က ရှူံးသွားတယ်။ အောင့်သက်သက်နဲ့ ကြည့်ရတာပေါ့လေ။ ဆင်တွေက ဘောလုံးပွဲကစားပြတယ်။ ပန်းချီဆွဲပြတယ်။ တီးလုံးလေးဖွင့်ပြီး စည်းချက်နဲ့အညီ ဆွဲနေတဲ့ဆင်ကလေးဟာ လူဝင်စားများလား မသိ။ ဆင်ဆွဲပြီးသွားတဲ့ ပန်းချီပါတဲ့အကျီကို လေလံတင်ရောင်းချသေးတယ်။ ဘိုတွေက၀ယ်သွားတယ်လေ။ အားကျစရာကြီး။ ကိုယ်ဆွဲတဲ့ပန်းချီသာဆိုရင် တစ်ကျပ်တောင် ပေးမယ်မထင်။ ပွဲပြီးတော့ ဆင်နှာမောင်းနဲ့ အချီခံပြီး ဓါတ်ပုံရိုက်ခ ပေးရသေးတယ်။ ပေးတာပေါ့။ နောက်ကြုံဖို့မှ မလွယ်တာလေ။
Image may be NSFW.
Clik here to view.![]()
ထိုင်းရိုးရာအကပွဲကိုလည်း ကြည့်ရတယ်။ ဗမာနဲ့ အတော်ကိုနီးစပ်တာ။ နီးစပ်မှာပေါ့။ ကပြတာအားလုံးနီးပါး ဗမာတွေတဲ့။ ပြန်အထွက်မှာ ထိုင်းရှေးရိုးရာအ၀တ်အစားနဲ့ ဓါတ်ပုံရိုက်ပေးတဲ့နေရာကိုတွေ့တယ်။ ၀မ်းသာအားရ၀င်သွားပြီး အ၀တ်တွေလဲလို့ ဓါတ်ပုံရိုက်ခံကြတယ်။ ဈေးကြီးတယ်။ စပြောတုန်းကတော့ တစ်ယောက် ဒေါ်လာ ၂၀နဲ့ ၃ ယောက် ၂ ပုံရိုက်လိုက်တာ ဒေါ်လာ ၈၀ ထွက်သွားပြန်ရော။ မေမေကတော့ ရှက်လို့ ရိုက်ဖူးတဲ့။ တက်ညီလက်ညီ သောင်းကျန်းနေတဲ့ကိုယ်တို့ကိုကြည့်ပြီး လိုက်လည်းလိုက်တဲ့ လင်မယားလို့ ရှူံ့ချလေရဲ့။ အမှတ်တရတွေထဲက အမှတ်တရမို့ ပြန်ရောက်တဲ့အခါ ၂၀၁၁ ပြက္ခဒိန်လုပ်ပြီးတောင် အိမ်မှာချိတ်ထားတယ်။ တန်အောင်လို့။
Image may be NSFW.
Clik here to view.![]()
အဲဒီဝင်းထဲမှာပဲ မောင်တော်က ထိုင်းနန်းဝတ်နန်းစားနဲ့ မိန်းကလေးနှစ်ယောက်နဲ့ တွဲအရိုက်ခံတယ်။ ချောချောလေးတွေ။ တယ်ဟုတ်ပါလားလို့ ပြောနေတုန်း အဲဒါ ဗမာမိန်းမလျာတွေတဲ့။ တေရော။ ဒီလိုနဲ့ ပတ္တရားကမ်းခြေကိုရောက်တော့ အတော်စိတ်ပိန်သွားတယ်။ ကမ်းခြေသာဆိုတာ။ မြို့ပြလမ်းမဘေးက သဲသောင်တိုတိုလေးနဲ့။ မြို့ဘေးကပ်နေတဲ့ ပင်လယ်ကိုး။ ဟိုတယ်မှာ ပစ္စည်းတွေချနေတုန်း မြန်မာတွေလိုပဲ ဘုရားပွဲလှည့်လာတာနဲ့ ကြုံတယ်။ ၀မ်းသာအားရကြည့်မိတော့ မိန်းကလေးတွေဟာ မိတ်ကပ်အပြည့်လိမ်းထားပြီး တကယ်လှလှလေးတွေ။ ဒီပွဲကို တန်ဖိုးထားကျင်းပတယ်ဆိုတာလည်း သိသာတယ်။ နိုင်ငံခြားသားတွေလည်း ၀ိုင်းဓါတ်ပုံရိုက်ကြတာ။
Image may be NSFW.
Clik here to view.![]()
ကမ်းနားကိုဆင်းလာတော့ လေထီးစီးကြမလားလို့ လာမေးတယ်။ ဒါနဲ့ စပိဘုတ်နဲ့ ရေလယ်က ဖောင်အကြီးကြီးဆီကိုသွားကြတာပေါ့။ ဟိုရောက်တော့ သက်ကယ်အကျီဝတ်ပြီးတာနဲ့ လေထီးနဲ့ပါသွားလိုက်တာ ဟိုးအမြင့်ကြီးမှာ တစ်ယောက်တည်း ၅ မိနစ်လောက်ကြာမလားပဲ။ အသည်းတအေးအေးနဲ့။ မော်တော်ဘုတ်က လေထီးကြိုးကိုဆွဲပြီး ဖောင်ကို ပတ်မောင်းနေတာကိုး။ အစက ကိုယ်တစ်ယောက်ထဲစီးမှာလိုလိုနဲ့ စိတ်ပါလာတော့ ၀ိုင်းစီးလိုက်ကြတာ တစ်ယောက် ဒေါ်လာ ၂၀ နဲ့ ဒေါ်လာ ၈၀ ချောကနဲပဲ။ အဖေနဲ့ အမေ စီးတာမြင်တော့ အိမ်က အင်မတန်ကြောက်တတ်တဲ့ သမီးက သူပါစီးမယ်ဆိုလို့ ထည့်ပေးလိုက်တာ။ ကိုယ့်တုန်းက သတိမရတဲ့ သံဗုဒ္ဓေကို ဘယ်နှစ်ခါရွတ်မိမှန်းမသိဘူး။ ပြန်ရောက်လာမှ ဟင်း ချရတော့တယ်။ ဒီလို ကရိကထသိပ်မများပဲလည်း ငွေရှာလို့ရတယ်နော်။ ကျွမ်းကျင်ဖို့တော့လိုတာပေါ့။ သမီးကိုယ်က ပေါ့နေလို့ အတူလိုက်သွားတဲ့လူဆိုရင် သက်ကယ်အကျီလည်းမပါ၊ လေထီးကြိုးတွေပေါ်မှာ ဒီအတိုင်းခွထိုင်လိုက်သွားတာ။ အသည်းယားစရာ။
Image may be NSFW.
Clik here to view.![]()
ညကျတော့ မိန်းမလျာကတဲ့ပွဲကို သွားကြည့်ကြတယ်။ ငယ်ငယ်ကတည်းက ရေကျော်မိန်းမလျာပွဲတွေကြည့်နေကျပါ။ အိမ်ရှေ့တည့်တည့်မှာ စင်ထိုးပြီးကတာကိုး။ မိုးကြိုးငှက်ငယ်လေးများအဖွဲ့ဆို နာမည်ကြီးပဲ။ ပတ္တရားပွဲကတော့ မတူတော့ဘူးလေ။ ဇတ်စင် အဆင်အပြင်ကအစ နိုင်ငံတကာအဆင့်ကို ရောက်နေပြီ။ လာကြည့်တာကလည်း ဘိုတွေများတယ်။ ကပြတာကလည်း မျိုးစုံပဲ။ အ၀တ်အစားတွေကလည်း လှမှလှ။ ပေးရတာထက်တောင် တန်တယ်ထင်မိတာ။ မိန်းကလေးအစစ်တွေထက်တောင် အများကြီးပိုချောတာမို့ မောင်တော်က ဓါတ်ပုံတွဲရိုက်ပြန်ရော။ ကိုယ်ကတော့ မရိုက်ပါဘူး။ ကိုယ်မလှတာ လူသိကုန်မှာစိုးလို့။
အဲဒီကပြန်တော့ ထိုင်းတို့ရဲ့ ခရီးသွားလုပ်ငန်း ဘာကြောင့်ကမ္ဘာကျော်သလဲလို့ တစိမ့်စိမ့်တွေးနေမိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းကတော့ သူတို့လည်း ချောက်တီးချောက်ချက်ပါတဲ့။ သူခိုးတွေများတယ်။ ပိုက်ဆံလိမ်တောင်းတယ်။ ဈေးကြီးတင်ထားတယ်။ နောက်ပိုင်းမှာတော့ ဧည့်သည်ကို ဦးစားပေးရမှန်းသိလာကြတယ်။ ဒါ ထမင်းအိုးဆိုတာကို နားလည်လာတယ်။ ဒါကြောင့် အစစအရာရာဧည့်သည်အဆင်ပြေချောမွေ့ဖို့ ၀န်ဆောင်မှုတွေကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း၊ ဈေးနှုန်းသက်သက်သာသာနဲ့ ဖန်တီးတတ်လာကြတယ်။ ၀င်လာတဲ့ ဧည့်သည်ကို ဧည့်ခံရင်းနဲ့ လုပ်ငန်းမျိုးစုံ တိုးတက်နိုင်တာကိုးနော်။ မုဆိုးကို စိုင်သင်သလို အလုပ်ကသင်သွားတဲ့သဘောပေါ့လေ။
အခုမှရောက်ဖူးတဲ့ ကိုယ့်အတွက်တော့ အံ့သြဘနန်းဖြစ်မိပါတယ်။ ပင်ကိုယ်ကပ်စေးနဲတတ်ပေမယ့် ကုန်တယ်လို့ကို မထင်မိဘူး။ လူတွေဟာ ပျော်နေရင် ငွေပိုသုံးသတဲ့။ ဟုတ်မှာပဲ။
အားလည်းကျတယ်။ သွားရေလည်းယိုတယ်။ မနာလိုလည်းဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်မြေ ကိုယ့်ရေက ဒီထက်ပိုလှမှန်း သေသေချာချာသိနေတော့လေ။
နောက်နေ့မှပဲ စင်္ကာပူခရီးအကြောင်း ဆက်ပြောမယ်နော်။

ဒီကျားလေးနို့တိုက်တာလည်း ပိုက်ပိုက်ပေးရတယ်။