Quantcast
Viewing all articles
Browse latest Browse all 1811

ပြဇာတ်လို့တော့ မထင်ပါပြီ


အလကားပါကွာ၊ မင်းတို့အခု သတင်းတွေ၊ ဝေဖန်ချက်တွေ၊ ဆောင်းပါးတွေ ရေးကြတယ် ဆိုတာ အစိုးရကိုများများဆဲရင် ဆဲသလောက်ရတဲ့ လက်ခုပ်သံ ကို သာယာပြီး ရေးနေကြ တာပါ။ ရှစ်လေးလုံးတုန်းက အပစ်အခတ်စဲသွားချိန် ကျ မှ အလုအယက် စင်ပေါ်တက် ဟောကြ သလိုပဲ။ အခုမှ သတ္တိပြနေကြတာ အထင်မကြီးဘူး။ ဟိုအာဏာရှင်တွေ ခရိုနီတွေကလည်း မင်းတို့ရေးတာ လောက် နဲ့တော့ မဖြုံသေးဘူး။ သူတို့ခင်းပေးထားတဲ့ ဒီမိုကရေစီပြဇာတ်ထဲမှာ လိုက်ကရင်း ဟိုယောင်ယောင် ဒီယောင်ယောင် မျှော်တော်ဇောနဲ့ မောနေကြ တာ ရယ်စရာ ပါကွာတဲ့။

ဟုတ်ကဲ့ အဲဒီလို ဘယ်သူပြောတာလဲဆိုတော့ ပြောတဲ့သူတွေရှိလို့ပါ။ ခုချိန်မှာ ဘယ်သူမဆို ကိုယ့်သဘောထားအမြင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိလာပြီ ဆိုတော့ ဒီလို ပြောလို့လည်း ပြောရကောင်းလားလို့ အပြစ်မတင်ချင်ရိုး အမှန်ပါခင်ဗျာ။ အဲဒီလို ပြောတဲ့ သူတွေက ဘာထပ်ကွန့်သေးလဲဆိုတော့ ဒီကနေ့ အုပ်ချုပ်ရေးနဲ့ လွှတ်တော်လွန်ဆွဲကြတယ် ဆိုတာတို့၊ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ငြင်းခုံကြတယ် ဆိုတာတို့၊ အခြေခံဥပဒေပြင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့တာတို့ စတာတွေ အားလုံးအားလုံးဟာ ဟန်ပြတွေပါတဲ့။ ပြောရင် ဇာတ်တိုက်ထားတာတွေပါတဲ့ မယုံကြနဲ့တဲ့။

ဒါဖြင့်လည်း ဘာလုပ်သင့်လဲ ပြောပါဦး၊ ဆရာတို့ရယ်ဆိုတော့လည်း အကုန်လုံး ကိုသာ ဆန့်ကျင်တဲ့။ အစိုးရကိုလည်း ဆန့်ကျင်၊ လွှတ်တော်ကို လည်း ဆန့်ကျင်၊ ဟိုးအရင်ကလို အာဏာပိုင်တွေနဲ့ ပတ်သက်သမျှ ဘာကိုမှ မယုံဘဲ ဆက်ဆန့်ကျင်တိုက်ပွဲဝင်ကြတဲ့။ ဆက်ပြော လိုက်သေးတယ်။ မယုံရတဲ့အထဲမှာ မီဒီယာတချို့လည်း ပါတယ်တဲ့ အဟောင်းကြီးတွေနဲ့ ဆက်နွှယ်တာဆို တိုက်သာတိုက်ပစ်တဲ့။ နောက်ဆုံးတော့လည်း စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်ဘူးဆိုတဲ့ အတွေးအခေါ်ကနေ မတက်နိုင်ဘဲ စစ်အုပ်စုကို အပြုတ်တိုက်ရေး ဆိုပြီး နည်းဗျူဟာအပိုင်းတော့ အလွန်အား နည်းတဲ့ ဓာတ်ပြားဟောင်းကြီး ထပ်ဖွင့်ပြနေ သလိုပါပဲ။ ခံစားလို့မရတဲ့အထဲ အဲဒီလို အဆိုးမြင်လွန်းတဲ့ စာတွေ စကားတွေ လည်းပါတယ်။ ပေါ်လီယာနာ လောက် လောကကြီးကို ကြံဖန်အကောင်းမမြင်ချင်ပေမယ့် မျှော်လင့်ချက် မရှိတဲ့ လောကကြီးရယ်လို့လည်း အများသူငါ မခံစားစေချင်တဲ့စိတ်နဲ့ ဒီလိုစာမျိုး ရေးပါတယ်။

ဒီမိုကရေစီအရေးနဲ့ ပတ်သက်လာရင် စစ်တပ်နဲ့ နီးစပ်ဆက်နွှယ်ဖူးသမျှ မယုံရတဲ့အတွက် ဘေးဖယ်စဉ်းစားမယ်ဆိုရင်တော့ နှိုင်းပြစရာ ဥပမာတစ်ခုပဲ တွေးမိတယ်။ မြတ်စွာ ဘုရားက ကိသာဂေါတမီကို လူမသေဖူးတဲ့အိမ်က မုန့်ညှင်းစေ့ရအောင် ရှာယူလာနိုင်ရင် သေသွားတဲ့ သားလေး အသက်ပြန်ရှင် လာအောင် ဆေးဖော်ပေးမယ်လို့ ပြောဖူးသလိုပါပဲ။ ဆွေထဲမျိုးထဲ စစ်ဗိုလ် စစ်သားနဲ့ ကင်းမှသာ ဒီမိုကရေစီခရီးမှာ လက်တွဲဘက် အဖြစ် အသိ အမှတ်ပြုမယ် ဆိုရင်တော့ ဘယ်တော့မှ လွတ်ကျွတ်တော့မှာ မဟုတ်ပါဘူး။ ကိသာဂေါတမီကမှ အဲဒီလိုမျိုး အပြစ်ကင်းတဲ့ မုံညှင်းစေ့ ရှာမရနိုင်မှန်းသိမှ ကျွတ်တမ်း ဝင်သွားသေးတယ်။ အရမ်းအရမ်းကို စစ်မုန်းသူကြီးတွေကတော့ သူတို့ခေတ်ကျမှ စစ်တပ်မရှိတဲ့ နိုင်ငံအသစ်တစ်ခုများ တည်ချင် လေရော့ သလား မသိ။

ဒီတော့လည်းပြောဦးမယ်။ ပြည်သူတွေဘက်ကပဲ အမှန်တကယ်ရပ်တည်တဲ့ ဒီမိုကရေစီ တပ်မတော်အသစ်တစ်ခု ဖွဲ့မယ်ဆိုတာမျိုးပေါ့။ ဟုတ်ကဲ့ဖွဲ့ပါ။ ဒီမိုကရေစီနည်းကျကျ အမိန့် နာခံတဲ့ စစ်တပ်တစ်ခုရအောင်ဖွဲ့။ ဗျူဟာမှူးက အမိန့်တစ်ခုပေးလိုက်မယ်။ ပွိုင့်ဘယ်လောက် ကို ဘယ်နှနာရီအရောက် ရောက်သွားတာလိုချင်တယ် ဆိုပါတော့။ အမိန့်ပေးခံရတဲ့ တပ်ရင်းက အားလုံးစုရုံးပြီး ဗျူဟာမှူးရဲ့ အမိန့်အပေါ်မှာ သဘောထား ကောက်ခံမယ်။ ဆန္ဒမဲရယူမယ်။ အနည်းအများ မဲခွဲဆုံးဖြတ်မယ်။ နောက်ဆုံးတော့ အများစု မဲအရ ဗျူဟာမှူး ရဲ့ အမိန့်အတိုင်း သတ်မှတ်ချိန်အတွင်း လိုက်နာဆောင် ရွက်ရန် မဖြစ်နိုင်တဲ့ အတွက် အမိန့်ကို ပယ်ချလိုက်သည်လို့ တပ်ရင်း အမိန့်တွေဘာတွေ ထုတ်ပြန်ခွင့် ရှိတဲ့ ဒီမိုကရေစီတပ်ကြီးဖွဲ့ကြ။

ငေါ့တာလားဆိုတော့ မဟုတ်ပါ။ အတည်ပြောတာပါ။ ဘာကြောင့် ဒီလိုပြောရ သလဲဆိုတော့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေ အတွင်းမှာ စစ်ဗိုလ်၊ စစ်သားဟောင်း ပါလာရင်ကိုပဲ မယုံကြည်ရသူအဖြစ် တိတ်တိတ်သတ်မှတ် ထားပြီး အခွင့်ကြုံတာနဲ့ အပုပ်ချတိုက်ခိုက်တာမျိုး၊ ပြည်သူနဲ့ လှည့်ရန်တိုက် တာ မျိုး အထိ လုပ်လာတာ တွေ့ရလို့ပါပဲ။ အထူးသဖြင့် အလွန် အကဲ ဆတ်တဲ့ လူမျိုးရေး၊ ဘာသာရေးနဲ့ပတ်သက်လာရင် လူလည်ပတ်ကားတွေက အကြောင်း အမျိုးမျိုးပြ နှာစေးနေကြပြီး ပြတ်ပြတ်သားသား ပြောတတ်ဆို တတ် သူတွေက တစ်ခုခု ပြောမှာကို မသိမသာ နားစွင့်နေတတ်ကြတယ်။ အဲဒီလို တစ်ခုခု ပြောလိုက်သူဟာ သူတို့ လိုလားနှစ်သက်တဲ့ လူတန်းစား ဆိုရင်တော့ သိသိသာသာ အပြောမှားသွားရင်တောင် ဝင်ရောက်ဖေးမ ကာကွယ်ပေးကြတတ်တယ်။ ဒါပေမဲ့ သူ့အမြင် သူ့သဘောပွင့်လင်းစွာ ထုတ်ပြောရဲသူဟာ သူတို့မလိုလားတဲ့ လူစားမျိုးဆိုရင်တော့ ဒါကို ပုံကြီးချဲ့ မီးမောင်းထိုးပြပြီး အနည်းဆုံးတော့ ပုံရိပ်ကို ရစရာမရှိအောင် ဖျက်ဆီး ပစ်ချင်ကြတယ်။

ခံစားချက်တွေကို နားလည်ပါတယ်။ မောင်မြတ်လည်း အရပ်သားစစ်စစ် တစ်ယောက် မို့ စစ်အုပ်ချုပ်ရေးဒဏ် ကော့နေအောင် ခံခဲ့ရတာပါပဲ။ နှစ်ငါးဆယ်ကျော်တစ်လျှောက်လုံး အရပ်ဘက်ဌာနအားလုံးမှာ စစ်ဘက်က ဝင်ရောက်ခြယ်လှယ်မှု အလွန်ကြီးမားခဲ့တယ်။ ကြီးမားနေဆဲဖြစ်တယ်။ ဒါကြောင့် စစ်ဗိုလ်စစ်သားဆိုရင် အများအားဖြင့် မျက်မုန်း ကျိုးချင် ကြတယ်။ မှန်ပါတယ်။ အထူးသဖြင့် မဆလခေတ်မှာ ဘေးမဲ့ပေးခံထားရတဲ့ လောကမျိုး နေရာမျိုးတွေကအစ နအဖခေတ်မှာ စစ်ဘက်ကိုပဲ ထိုးထည့်ချုပ်ကိုင် စေတာ မျိုးကြောင့် စစ်ဘက်အရပ်ဘက်ဆက်ဆံရေးမှာ အရပ်ဘက်အမြင်ကို ပါးစပ်က ထုတ်မပြော သာခဲ့ပေမယ့် ရင်ထဲမှာ အကျိတ်အခဲ အင်မတန်ကြီးမားခဲ့တယ်။ ဒါကြောင့် မြန်မာပြည်မှာတော့ ရေတောင် စစ်မသောက်ချင်ပါဘူးကွာလို့ ပြောတတ်ကြသူတွေကို အပြစ်မတင် လိုပါဘူး။

ဒါပေမဲ့ တော်လှန်ရေးကြီးတစ်ခု တိုက်ရိုက်အောင်မြင်လို့ မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ စနစ်တကျ အချိန်ယူ ဆုတ်လမ်းရှာ ခွာစစ်ဆင်သွားတဲ့ မြန်မာ့ပြောင်းလဲရေးလမ်းကြောင်းမှာ ပကတိပေးထားချက်တွေအရသာ လျှောက်လှမ်းနေရတယ်ဆိုတာလည်း ပါဝင်လျှောက်လှမ်း သူတွေ မမေ့ဖို့တော့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို တစ်ခေတ်တစ် ယောက် သာပေါ်တဲ့ ခေါင်းဆောင်မျိုးနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ အနစ်နာခံ မျိုးဆက် ခေါင်းဆောင် တွေ ဘာကြောင့်ထိပ်တိုက်လမ်းကြောင်း မလျှောက်တော့တာလဲဆိုတာ နားမလည် နိုင်ရင် တော့ ၈၈ က စခဲ့တဲ့ ဇာတ်ကြောင်းကိုသာ အနုလုံ ပဋိလုံ ခေါင်းအေးအေးထား ပြန်သုံးသပ် ကြည့်ကြပါ။

ဒီကနေ့ လျှောက်လှမ်းနေရတဲ့ လမ်းကြောင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခင်း အကျင်းနဲ့ ပေးထား ချက်တွေဆိုတာကို ၁၉၉၃ လောက်ကစတဲ့ အမျိုးသား ညီလာခံက ပေးထားချက်တွေထက် သစ်ဆန်းတာ ဟုတ်ဟုတ်ငြားငြား ဘာတစ်ခုမှ မပါဘူးဆိုတာ မေ့များ မေ့နေကြရော့ သလား။ ဆိုလိုတာက ၉၆ မှာ အမျိုးသားညီလာခံကို NLD သပိတ်မှောက် ကျောခိုင်းခဲ့တဲ့ တိုက်ကွက် နောက်မှာ ဒီမိုအင်အားစုတွေကော ပြည်သူတွေကော နိုင်ငံပါ ဘာတစ်ခုမှ ရလဒ်ကောင်းတာ မရှိခဲ့ပါ။ ဖိနှိပ်မှုတွေ တစ်ကျော့ပြန်လာပြီးနောက် နိုင်ငံတကာပိတ်ဆို့မှုတွေလည်း စတင် လာရာက တစ်စတစ်စ ဝက်အူတင်း လာတာနဲ့အမျှ ထွက်ပေါ်မဲ့ စစ်အာဏာပိုင်တွေ အတွက်လည်း အင်အားကို ပိုမိုတည်ဆောက်ဖို့သာ လုံးပမ်းခဲ့ရာက သယံဇာတ ကျိန်စာသင့် မှုလို့ ခေါ်တဲ့ အဖြစ်သနစ်တွေ၊ ကာလကြာရှည် Check & Balance မရှိတဲ့အတွက် အလွန် အကျွံ ကိုယ်ကျိုးရှာခြစားမှုတွေ ကြီးထွားလာခဲ့ပြီး စီးပွားရေးပြဿနာတွေနဲ့ အတူ လောင်စာဆီ ဈေးနှုန်းမြှင့်တက်ရာက ၂၀၀၇ မှာ ရွှေဝါရောင် သံဃာ အရေးအခင်းဖြစ်ခဲ့တယ်။ အရေးထဲ ၂၀၀၈ မှာလည်း နာဂစ်မုန်တိုင်းလို သမိုင်းတစ်လျှောက် အဆိုးဆုံး သဘာဝဘေးကိုပါ ကြုံခဲ့ရပြန်ပါသေးတယ်။

ဒီလိုနဲ့ မုန်တိုင်းမိုးလေမစဲခင်မှာဘဲ အချိန်မဆိုင်းပွင့်လင်းမြင်သာမှု နည်းပါးစွာ ဆန္ဒခံယူတယ် ဆိုပြီး အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက် လာချိန်မှာ ပြည်သူတွေအတွက် မျှော်လင့်ချက်ဆိုတာ မြူတစ်မှုန်စာတောင် မရှိခဲ့တာ ပြန်ဆင်ခြင် ကြည့်ကြပါ။ NLD ကို မပါစေ ချင်လို့ ပညာသားပါပါ လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရသစ် တက်လာ တော့လည်း ၁၉၇၄ တော်လှန်ရေးကောင်စီကနေ မဆလ အုပ်ချုပ်ရေးပြောင်း လဲမှု ပုံစံကိုသာ ပြန်မြင်ယောင်ခဲ့ပြီး အားတက်စရာ လုံးဝမရှိခဲ့သေးပါ… ဒီလိုနဲ့ NDF ဒေါက်တာသန်းငြိမ်း ပြောသလိုပဲ ခေတ်သစ်မြန်မာ့နိုင်ငံရေးခရီးဟာ ၂၀၁၀ က စတယ်ဆိုရမယ့် ကမ္ဘာကပါ အံ့အားသင့်ချီးမွမ်းရလောက်တဲ့ အပြောင်းအလဲတွေ အဲဒီတော့မှ နိဒါန်းချီလာခဲ့တာ အမှန်ပါပဲ။

ဒါကိုပဲ အစစအရာရာဟာ မြန်မာစစ်အာဏာရှင်တွေ ဇာတ်တိုက်ထားတာလို့ပဲ ယုံကြည်တယ် ဆိုရင်တော့ မြန်မာပြည်ကို နှစ်နှစ်လောက်အတွင်း အလုအယက် ရောက်လာတဲ့ အမေရိကန် သမ္မတတို့ ဗြိတိန်ဝန်ကြီးချုပ်တို့ ကုလအတွင်းရေးမှူးချုပ်တို့ကအစ မြန်မာတွေ ညာတာခံရတဲ့ လူနုံလူအ ကြီးတွေ ပါလို့ ပြောတာနဲ့အတူတူပါပဲ။ မြန်မာစစ် အာဏာရှင်ကြီးတွေက ဒီနေ့ထိ ဘယ်နေရာမှာ ဘာဖြစ်စေသတည်းဆိုလို့ အသေးစိတ် စီမံနေဆဲလို့ ယုံကြည်တဲ့လူတွေဟာ ဒီအာဏာရှင်တွေကို လွှတ်အထင်ကြီးလွန်း နေတယ်လို့ မြင်ပါတယ်။ (နောက်ကြောင်း ပြန်ချင်သူတွေကသပ်သပ်ပါ၊ သူတို့က အခင်း အကျင်းသစ်မှာ နေရာမရသူတွေ ဖြစ်နိုင်ပါတယ်၊ ရောမမြင်စေလိုပါ)၊ ဦးနေဝင်းတုန်းကလည်း နအဖခေတ်အထိပဲ နောက်ကွယ်က ကြိုးကိုင် နေတုန်း မယုံမရှိ ငါတို့ပဲသိ လာမငြင်းနဲ့ကွလို့ ဇွတ်ပြောခဲ့ဖူးသူတွေဟာ ဘဘကြီး သူ့မြေးတွေ ကြောင့် တစ်မိသားစုလုံး အကျယ်ချုပ်အချခံရ၊ ထောင်ထဲအပို့ခံရ၊ အနီးကပ်လုံခြုံရေး တပ်ရင်းပါ မဲဇာအပို့ခံရနဲ့ ကျူငုတ်မချန် အလုပ်ခံရ တော့မှ ပါးစပ်အဟောင်းသား ဖြစ်ခဲ့တာ မှတ်မိပါသေးတယ်။

တရုတ်သိုင်းကားတွေမှာ ယှဉ်နိုင်တဲ့သူမရှိတော့လောက်အောင် အဆင့်မြင့် သွားတဲ့ ထိပ်သီး သိုင်းသမားတွေဆိုရင် သိုင်းကွက်ရယ်လို့တောင်မရှိတော့ဘဲ သူတို့လှုပ်သမျှ သိုင်းကွက် ဖြစ်နေတယ်ဆိုတာမျိုးရေးတာ ရိုက်တာ ဖတ်ဖူးကြည့်ဖူးမှာပါ။ အမှန်တော့ သိုင်းကွက်တွေကို စိတ်နဲ့ဖန်တီးပြရတာကိုပဲ ပင်ပန်းလာတဲ့ စာရေးဆရာတွေ လူလည် လုပ်တာပါ။ အခုလည်း မြန်မာပြည် မှာ ဖြစ်ပျက်ခဲ့သမျှ အဖုံဖုံကို အဆင့်လွန်ကျားကွက်တွေ ကြောင့်ပဲ ထင်တယ် ဆိုရင် အဲဒီဝတ္ထုမျိုးသာ သတိရပါဦးလို့ ပြောပါရစေ။ တကယ့်တကယ် လက်တွေ့လောကကြီးမှာတော့ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ဆိုတဲ့ နိယာမကို ဘယ်အာဏာရှင် ဘယ်သံမဏိ အဖွဲ့ အစည်း မှ မလွန်ဆန်နိုင် ပါဘူး။

ဘာလင်တံတိုင်းကြီး ပြိုခဲ့ပြီးနောက် အဲဒီနောက်က ဂျာမဏီဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးလ် တို့ အမေရိကန်သမ္မတ ရေဂင်တို့ရဲ့ အင်တာဗျူးတွေ ဖတ်ခဲ့ရတာ အမှတ်ရမိသေးတယ်။ သူတို့ လက်ထက်မှာ ဒီလိုဖြစ်တယ်ဆိုတော့ သူတို့နောက်ဆုံးဖန်တီးခဲ့တာတွေ သူတို့ ချမှတ်ခဲ့တဲ့ စစ်အေးတိုက်ပွဲ နည်းဗျူဟာတွေက သိပ်ဟုတ်ခဲ့လို့လားဆိုတော့ မဟုတ်ပါ။ သူတို့ မမျှော်လင့် ခဲ့တဲ့ အပြောင်းအလဲပါ။ တကယ်တော့ အရှေ့နဲ့အနောက် ဂျာမန်ပြည်သူတွေ ဘာလင် အုတ်တံတိုင်းကြီးကို ဖြိုတဲ့နေရာဖြို၊ ကျော်ခွတက်သူတက်နဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ် ဆုံတွေ့ပျော်မြူးနေကြချိန်မှာ စောစောက အနောက်အုပ်စု ခေါင်းဆောင်ကြီး တွေဟာ အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သိမီအောင် မနည်းလိုက်နားစွင့် နေခဲ့ရ ပါသတဲ့၊ ဆိုလိုတာက ပြည်သူ့ဆန္ဒတွေ တကယ်ရုန်းကြွလာ၊ ပြောင်းလဲမှု ဖြစ်စဉ်တွေက တကယ်နိုးထလာပြီဆိုရင် အာဏာပိုင်တွေ ခေါင်းဆောင် တွေလည်း ရှေ့ကနေ အကွက်ချဖို့ နေနေသာသာ နောက်ကနေ ဒရောသောပါးသာ အခြေအနေလိုက်ကြည့်နေရတော့တာ ပါပဲ။

ဒါကြောင့် ဒီကနေ့ မြန်မာ့ဒီမိုကရက်တစ်လမ်းကြောင်းတွေဟာလည်း ဘယ်လိုပဲ အရင် စစ်ခေါင်းဆောင်တွေက ဖန်တီးခဲ့တယ်ပြောပြော ဒီအနာဂတ်ကို အရာရာတွက်ချက် စီမံခဲ့ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ကာချုပ်အသစ်ရွေးတာတောင် နောက်ဆုံးအချိန် ရောက်တဲ့အထိ ဘာဖြစ်ခဲ့သလဲ ဆိုတာမျိုး ပြန်လေ့လာကြည့်ရင် ဒီဇာတ်ညွှန်းထဲ လူနေရာချတာကအစ တော်တော်ခက်ခဲခဲ့တာပါ။ ဇာတ်ညွှန်းဆိုရင်တောင် အရင်လိုမျိုး မဟုတ်တော့ဘဲ Calculated Risk အတော်ကြီးကို ကြိုတင် တွက်ချက်စွန့်စားရတဲ့ ဇာတ်ညွှန်း အရှင်လို့သာ ပြောရမယ့် အနေအထား ဖြစ်ခဲ့ပုံရတာ နှစ်နှစ်ကျော်ကြာရုံလေး လွန်မြောက်လာပြီး ဒီနေ့နောက်ဆုံး ဖြစ်ရပ် တွေက သက်သေပြနေပါတယ်။

အထူးသဖြင့် သမ္မတက ရွေးချယ်ခန့်အပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တစ်ဖွဲ့လုံးကို လွှတ်တော်က ပြစ်တင်စွပ်စွဲပြီး တာဝန်မှအနားပေးစေခဲ့ တဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ကတည်းက အရာရာဟာ ဒီလိုကြိုတင် တွက်ချက်ထား နိုင်တာမျိုး မဟုတ်ဘူးဆိုတာ ပေါ်လွင်လာပါတယ်။ လွှတ်တော်က အုပ်ချုပ်ရေးဟာ Check & Balance ဆိုတာထက် အင်အားစုဖွဲ့ အားပြိုင်ကြတဲ့ အသွင်သဏ္ဍန်မျိုးဖြစ်လာတယ်လို့တောင် စိုးရိမ်သူက စိုးရိမ်ခဲ့ကြပါတယ်။ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရသာ ကစားရတဲ့ပွဲမှာ ပေးထားချက် အခြေခံ ဥပဒေကြီးကလည်း ယိုပေါက် ဟာပေါက်တွေများတာ သိသာလွန်းလာ … ဒီမိုအင်အားစုတွေနဲ့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုသံကလည်း ကျယ်လောင်လာတဲ့အခါမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီဆိုတာကို ဖွဲ့စည်းပြီး လေးလအတွင်း အစီရင်ခံစာ တင်သွင်းစေတဲ့ အခြေအနေထိဖြစ်လာတာ ဇာတ်ညွှန်းအတိုင်း မဟုတ်တော့ဘူးလို့ သက်သေ ထင်ရှားပြ လိုက်သလိုပါ။

ဒီအချိန်မှာ အစိုးရလုပ်သမျှ အကုန်အပြစ်ပြော၊ လွှတ်တော်ကိုလည်း အမတ်တွေ အိပ်ငိုက် တာကအစ ယိုးမယ်ဖွဲ့ပြီး ရစရာမရှိအောင်သာပြော၊ စစ်တပ်ကိုလည်း လှုပ်သမျှအပေါ် အမုန်း တရားအခြေခံနဲ့ မဆင်မခြင်ပုတ်ခပ်၊ အစိုးရနဲ့ကော လွှတ်တော်နဲ့ပါ ထိပ်တိုက် မတွေ့တော့တဲ့ ဒီမိုအင်အားစုတွေ ကိုလည်း အမျိုးမျိုးသရော်လှောင်ပြောင်၊ ဒီလိုအရာရာကို အဆိုးမြင်သံ ကြွက်ကြွက်ညံအောင်ရေးပြပါမှ လက်ခုပ်သံရမယ်လို့ဆိုရင်လည်း အဲဒီလို လက်ခုပ်သံမျိုး မက်မောသူတွေထဲ မောင်မြတ်တစ်ယောက်တော့ မပါရေးချ မပါပါဗျာ။

တိုင်းပြည်မှာ ဖြစ်ပျက်နေသမျှ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့နေတယ်လို့ ပြည်သူတွေ ထင်မသွားစေချင်ပါ။ ဘာကြောင့်လဲဆိုတော့ အများပြည်သူတွေ မျှော်လင့်ချက် မဲ့နေရင်၊ ဆင်းရဲမွဲတေနေရင်၊ ပညာအဆင့်မမီရင်၊ လူမျိုးရေး ဘာသာရေး အစွန်းရောက် သူတွေ ကြီးစိုးချယ်လှယ်သွားနိုင်တယ်ဆိုတာ ကမ္ဘာကြီးမှာ လက်ညှိုးထိုးပြစရာ ဥပမာတွေ တစ်ပုံကြီး မို့ပါ၊ သာမန်အားဖြင့် ပြည်သူတွေရဲ့ လက်ခုပ်သံကို မှန်မှန်ကန်ကန်ရဖို့ ခဲယဉ်းသူတွေဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ဆိုရင် ဘာကိုပဲဖြစ်ဖြစ် အသုံးချဖို့ ဝန်မလေး တတ်ဘူး ဆိုတာ လည်း နိုင်ငံတကာ စစ်မီးလျှံတွေနောက်မှာ မြင်နိုင်ပါတယ်။ မြန်မာပြည် ပြောင်းလဲသလား မပြောင်းလဲဘူးလားဆိုတာ မဆလခေတ်၊ နဝတ/ နအဖ ခေတ်တွေ ထက်စာလျှင်တော့ သိသိသာသာ တိုးတက်ကြီးထွားလာတဲ့ လက်ရှိသတင်း မီဒီယာ လောကကိုက ထင်ရှားတဲ့ သက်သေတစ်ခုပါ။ ရာနှုန်းပြည့် အားရစရာ မရှိလှသေးပေမယ့် ဒီရေစီးကြောင်းမျိုးကိုပဲ နေရာတကာမှာ တဖြည်းဖြည်း ချဲ့ထွင်ယူသွားဖို့ကလွဲပြီး တခြား နည်းလမ်း မမြင်မိပါ။

ခက်တာက ၆၂ နဲ့ ၈၈ နှစ်ကျော့ပြန် စစ်ဘက်အာဏာသိမ်းအုပ်စိုးခဲ့မှုတွေ ကြောင့် နှစ်ငါးဆယ် လုံးလုံး ဟန်ချက်ပျက်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေး စီးပွားရေး လူမှုရေး ပြဿနာ အထွေထွေဟာ ပြောင်းလဲပြုပြင်ဖို့ အပြောလွယ်သလောက် အလုပ်ခက်လှတယ်၊ စိတ်ရှည် ရှည်နဲ့ အချိန်တွေပေးရဦးမယ်ဆိုတာ တစ်နေ့ တခြား ပိုမိုထင်ရှားလာပါပြီ… ဒီလို အခြေအနေမှန်ကို သဘောမပေါက်နိုင်ဘဲ သို့မဟုတ် သဘောပေါက်ပါလျက်နဲ့ စိတ်မရှည် နိုင်ဘဲ အရာရာကို အဆိုးမြင် စိတ်လွန်ကဲစွာ ဝေဖန်ကဲ့ရဲ့ ပြစ်တင်ကြခြင်း၊ လူ့အဖွဲ့အစည်း မှာကိုပဲ ရန်-ငါးစည်းခြား တိုက်ခိုက်ကြခြင်း၊ မတူကွဲပြား ခြားနားမှုကို လက်မခံနိုင်ခြင်း စတာတွေဟာ နဂိုက ပညာမဲ့သူ မျှော်လင့်ချက်မဲ့သူတွေကို ပိုစိတ်ရှုပ်ထွေး သွားစေနိုင်သလို မဆုံးနိုင်တဲ့ ပြဿနာအမျိုးမျိုး ပဋိပက္ခအထွေထွေကိုသာ ထပ်မံဖိတ်ခေါ်ရာ ရောက်ပါလိမ့် မယ်လို့ မြင်ပါတယ်။

နိဂုံးချုပ်ရရင် ဖြစ်ပျက်နေတာတွေအတွက် ပြဇာတ်လို့တော့ မထင်ရိုးအမှန်ပါ၊ ဒါပေမဲ့ ပါဝင်ပတ်သက်လာသူ အတော်များများ အရင်အတိုင်း ခေါက်ရိုး ကျိုးနေလွန်းတာကြောင့် ဇာတ်ညွှန်း အတိုင်းသာ ကနေတယ်လို့ ထင်ကြ သူတွေများလာရင်၊ ၈၈ နဲ့ ၉၆ ကလို လမ်းဟောင်းတွေပဲ ပြန်လျှောက်ချင် သူတွေ အားကောင်းလာရင်၊ နောက်ကြောင်းပြန်လိုတဲ့ ပယောဂဆရာတချို့ရဲ့ ဗိန်းမောင်းတီးကွက်တွေလည်း ထပ်အောင်မြင်လာရင် ပြောင်းလဲခြင်း ဆိုတဲ့ မြန်မာ့နွေဦးအပျိုမလေး ရေတိမ်နစ်သွားနိုင်မယ့် အရေးကိုတော့ တွေးတွေး ပူပန်မိပါသေးဗျာ။
 
 
မင်းမြတ်စံ
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၁၆) မှ ကူးယူဖော်ပြသည်


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...