- Category: အက်ဆေး
- Published on Friday, 05 April 2013 05:10
- Written by လှရွှေ
ဒုက္ခသည် စခန်းတွင်ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းသို့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အိမ်သာ ထားရှိမှုနှင့် ကလေးများ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် မည်ကဲ့သို့ ဆေးရမည်ကို လာရောက်သင်ကြားပေးသည့် ဝန်ထမ်းများကို မကြာခဏ တွေ့ရတတ်သည်။
ဤသို့တွေ့ရတိုင်း ကျွန်တော် ငယ်ငယ်က ပညာသင်ကြားခဲ့သည် ကျောက်ဖြူမြို့နယ်က မူလတန်းကျောင်း ကလေးနှင့် အထက်တန်းကျောင်းကို သတိရနေတတ်သည်။ ကျွန်တော်တို့ရွာသည် မြို့နဲ့ ၂၆ မိုင်အကွာ အိမ်ခြေ ၂၀၀ နီးပါးရှိသည့် သာမန်ရွာကြီးတစ်ရွာဟုပင်ဆိုရပေမည်။ ဤကျောင်းကလေးကို ဆောက်ခဲ့ သည်မှာ နှစ်ပေါင်းခြောက်ဆယ်နီးပါးရှိခဲ့လေပြီ။
ကျွန်တော်တို့မူလတန်းကျောင်းကလေးတွင် အိမ်သာမရှိ၊ ရေတွင်းမရှိ။ အိမ်သာတက်ပြီးတိုင်း လက်ကို မည်ကဲ့သို့ ဆေးရမည်ကို သင်ကြားပေးမည့်သူမရှိ။ ကလေးဘဝတုန်းက နေ့လည်ပိုင်း ကျောင်းလွတ်ချိန်နှင့် ဆရာများစုံစုံလင်လင် မရောက်သည့်ရက်များသည် ကျွန်တော်တို့အကြိုက်တွေ့သော ရက်များပင်ဖြစ်သည်။
အိမ်သာတက်မည်ဆိုပါက ကျောင်းနောက်ဘက်သို့ ၁ဝ မိနစ်ခန့် လမ်းလျှောက်ပြီး ချုံပုတ်လေးများတွင် ခိုကာ အခင်းကြီး အခင်းငယ် သွားကြရသည်။ ကိစ္စပြီးပါက တုတ်ချောင်း (သို့) လယ်ကသင်းပေါ် ပေါက်နေ သည့် မြက်ပင်များပေါ်ခွထိုက်ကာ ကိုယ်ကိုရှေ့သို့တွန်းကာ သန့်စင်သောနည်းသည် ကျွန်တော်တို့ သုံးသော ခေတ်သစ် အိမ်သာသုံးနည်းနှင့် ပစ္စည်းကရိယာများပင်ဖြစ်သည်။
ကျောင်းသူလေးများဆိုပါက သုံးလေးဦးခန့် စုလျက် နောက်ဖေးသွားကြရသည်။ ရှေ့နောက်ဝဲယာ လူရိပ် လူကဲ အခြေအနေကို ကြည့်ပြီးမှ ချုံခိုကာ ကိစ္စကြီးငယ်တို့ကို လုပ်ကြရသည်။
နောက်ပိုင်း အထက်တန်းပညာ သင်ကြားရန် ရွာမှ သုံးနာရီခန့် သွားရသည့် အထက်တန်းကျောင်းသို့ ပြောင်းရွေ့ရသည်။ စနဲရွာသည် အိမ်ခြေ ၇ဝဝ-၈ဝဝ နီးပါးရှိသည့် ရွာကြီးတရွာ ဖြစ်သည်။ အိမ်တိုင်းတွင် လေးပင်စိုက် အိမ်သာလေးများ ရှိတတ်သည်။ အိမ်သာ တက်ရန်သွားပါက မျက်စိကိုမှိတ်၊ နှာခေါင်းကို ပိတ်ကာသွားကြရသည်။ ရောက်စက အတော်ပင်ကသိကအောက် ဖြစ်မိသည်။ အနံ့အသက်များကို ခံနိုင်ရည်မရှိ။ အောက်ကိုကြည့်ပါကလည်း ကန်ထဲတွင် လောက်များကအပြည့်။ သည်လောက်တောင် ခေတ်မီသည့် နိုင်ငံတော်။
စနဲရွာတွင် ဆရာဝန်မရှိသည့် ဆေးရုံတစ်ရုံရှိသည်။ ဆရာဝန်မရှိဟု ပြောလျင်လွန်ရာ ကျပေအုံးမည်။ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်ကြာပါက မျက်စိလည် လမ်းမှားပြီး ဆရာဝန်တစ်ဦးတစ်လေ ရောက်လာတတ် သည်။ ထိုဆရာဝန်များမှာလည်း ခြောက်လ တစ်နှစ်ခန့်ကြာပြီး ပျောက်သွားတတ်သည်။ ဆရာဝန်မရှိသည့် ဆေးရုံကို မြင်ရတိုင်း ရင်နာရသည်။
အဆိုပါ ဆေးရုံနှင့် ကပ်လျက် အစိုးရအထက်တန်းကျောင်းသည် ကျောင်းသား ၅ဝဝ ရာကျော် ၆ဝဝ နီးပါးကို သင်ကြားပေးနေသည့် အထက်တန်း ကျောင်းပင်ဖြစ်သည်။ အဆိုပါ အထက်တန်းကျောင်းတွင် ကျွန်တော် နှနှစ် ပညာသင်ယူခဲ့သည်။ ထိုနှနှစ်အတွင်း ကျောင်းမှ ဆောက်လုပ်ထားသည့် အိမ်သာတွင် တခါမျှ နောက်ဖေးမသွားဖူးခဲ့။ အထက်တန်းကျောင်းသား အများစုသည် ကျောင်းနောက်ဖက်က တောင်ပေါ်သို့ပြေးတက်ကာ အခင်းကြီးအခင်းငယ် သွားလေ့ရှိသည်။
နွေရာသီရောက်လို့ ဇီးသီးပေါ်ချိန်ရောက်လျင် အခင်းကြီး အခင်းငယ်သွားပါက ဇီးသီးခူးစားရင်း တောင်ပေါ်တွင် တစ်ရက်လုံးလျောက်သွားနေတတ်ကြသည်။ ဤသည်မှာ ရွာမှ မူလတန်းကျောင်း ကလေးနှင့် အထက်တန်းကျောင်းတကျောင်း၏ နှစ်ဆယ်ရာစု ကုန်ခါနီး လူနေမှုဘဝ အဆင့်အတန်းဟုပင် ပြောရပေမည်။
ဆယ်တန်းအောင်ပြီးနောက် စစ်တွေဒီဂရီ ကောလိပ်ကို ရောက်ခဲ့ပြန်သည်။ ဝေသာလီဆောင်တွင် နယ်ဝေးကျောင်းသားများ နေခွင့်ရကြသည်။ ကောလိပ်ကျောင်းဆောင်တွင်လည်း ရေလောင်း၊ ယင်လုံ အိမ်သာမရှိ ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ နည်းနည်းတော့ အဆင့်မြင့်လာသည်ဟု ပြောရပင်မည်။ တုတ်ချောင်းနဲ့ မြက်ပင်အစား စာရေးပြီး မသုံးတော့သည့် စက္ကူများကို သုံးတတ်လာသည်။
စစ်တွေဒီဂရီ ကောလိပ်တွင် နှနှစ်နေပြီး ရန်ကုန်တက္ကသိုလ်ကို ရောက်ခဲ့ပြန်သည်။ သမိုင်းဌာနနှင့် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနဖွင့်လှစ်ထားသည့် ကျောင်းဆောင်ကြီး၏ အောက်ထပ်တွင် အတန်းတက်ရသည်။ ကျွန်တော်တို့အတန်းနဲ့ ကပ်လျက် အိမ်သာရှိသည်။ ကျောင်းခန်းထဲသို့ အစောဆုံး ရောက်သည့် ကျောင်းသားသည် အိမ်သာတံခါးကို လုံခြုံစွာပိတ်ထားပါမှ စာသင်၍ရသည်။ အနံ့ အသက်များက မခံနိုင်လောက်အောင်ပင် နံစော်လှသည်။ ခေတ်မှီနိုင်ငံတော် တည်ဆောက်နေသည့် အစိုးရ၏ ပြယုတ်တခုပင် ဖြစ်သည်။
တက္ကသိုလ်ကျောင်းတော်ကို ခွဲခွာကာ နယ်စပ်ကိုရောက်သည်။ တောတွင်းသူပုန် စခန်းများတွင် ရေလောင်း အိမ်သာ၊ အိမ်သာတက်ပြီးတိုင်း လက်ဆေးရန် ဆပ်ပြာက အဆင့်သင့် ရှိသည်။ ဒုက္ခသည်စခန်းကို ရောက်ဖြစ်သည်။ ဝါးတဲအိမ်တွင် ရေလောင်း အိမ်သာကိုယ်စီကိုယ်ငှ။ အခါအားလျော်စွာ ရက်ကွက်အတွင်း လောက်စပီကာဖြင့် ကျန်းမာရေး အသိပညာပေးမှုကလည်း ရှိတတ်သည်။ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးရန်သတိပေး ကြော်ငြာသည့် စာရွက်များ ဝေငှလေ့ရှိသည်။
နှနှစ်ကျော်ရှိသည့် ကျွန်တော်၏ သားလေးသည်ပင် မကြာခဏ လက်ဆေးတတ်နေလေပြီ။
နှစ်ပေါင်းတစ်ဆယ်ကျော် ကြာခဲ့ပြီးနောက် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းကို နှနှစ်ကျော်သားလေးနဲ့အတူ ပြန်လည်ရောက်ခဲ့သည်။ သားလေးမှ အီးအီးပါမည်ဟု ပြောသောအခါ အဆင်ပြေနိုင်မည်ဟုထင်သည့် အနီးဆုံး ကျောင်းဆောင်တခုကို သွားခဲ့ကြသည်။ ကလေးကို အိမ်သာခွက်ပေါ်ထိုင်ရန် နေရာချပေးသည်ကို ကလေးက အိမ်သာခွက်ပေါ်ကို မထိုင်လို။ ခြေထောက်ကို ကွေးကာ ကော့ထားပေတော့သည်။ ဟုတ်လည်း ဟုတ်ပေသည်။ ဒုက္ခသည်စခန်းက အိမ်ရှိ အိမ်သာခွက်သည် ပြောင်လက်နေသည်။ မည်သည့် အနံ့ အသက်မှမရ။ ယခုရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ရွေဘိုဆောင်၏ အိမ်သာခွက်သည် မည်းနက် နေလေပြီ။ အနံ့အသက်ကလည်း လူကြီးပင် ခံနိုင်ရည်မရှိလောက်အောင်ပင် ဆိုးရွားလှသည်။
ကျွန်တော်တို့ပညာသင်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ယခင်ထက်ပင် ဆိုးနေလေပြီ။ ကျားကိုက်ရန်ပင် ကြောက်ရမည့် အနေအထားသို့ရောက်နေသည်။ စစ်ကိုင်းဆောင်နဲ့ သမိုင်းဌာနရှိ အိမ်သာများကို ခေတ္တဝင်ရောက် လေ့လာဖြစ်ခဲ့သည်။ ထိုနည်းလည်းကောင်းပင်။ မည်သည့်အရာမှ ပြောင်းလဲသည်မရှိ။ ပို၍ပင်ဆိုးရွားလာသည်ဟု ပြောချင်ပါသည်။
လွှတ်တော်မှ အတည်ပြုပေးလိုက်သည့် ပညာရေးဘတ်ဂျက်သည် ရော့ကတ်ဒုံးပမာ တဟုန်ထိုး တိုးမြှင့် လိုက်သည့် ပညာရေး အသုံးစရိတ်ပင် ဖြစ်သည်။ ထိုပညာရေးအသုံးစရိတ်သည် နိုင်ငံတဝှမ်း ကျောင်းရှိ အိမ်သာများကို စနစ်တကျ တည်ဆောက်ရန် လုံလောက်မှု ရှိမရှိကို အမျိုးသားလွတ်တော် (သို့) ပြည့်သူ့ လွတ်တော်မှ အမတ်မင်းများ မေးခွန်းမေးရန် ရှိမရှိ သိချင်လှပေသည်။ အချိန်မီ မေးခွန်းမေးပေးရန် လွှတ်တော်အမတ်မင်းများ ကြိုးစားသင့်သည်။
မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီးတွင် ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်ကလေးငယ်တစ်ဦး အိမ်သာမတက်လိုသည့် အခြေအနေတွင် ကျွန်တော်နေခဲ့သော ရွာက တောကျောင်းလေးသည် ရှိမှရှိပေဦး မည်လောဟု တွေးတောရင်း ရင်မောနေခဲ့ပါသည်။ ရွာရှိကလေးများ၏ ပညာရေးအတွက်လည်း စိတ်မော နေမိပါတော့သည်။
လှရွှေ